နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများထွက်ပေါ်နေချိန်တွင် ၎င်း၏နေရာ၌ အစားထိုးရန် ရေပန်း စားနေသူများထဲ၌ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ပါဝင်လာကြောင်း တပ်မတော်သား CDM အရာရှိများ၏ ပြောပြချက်အရ သိရသည်။
နေပြည်တော် တပ်ကုန်းဇာတိ၊ စစ်တက္ကသိုလ် အပတ်စဉ် (၃၈) ဆင်း ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် လက်ရှိစစ်ခေါင်းဆောင်၏ လူယုံဖြစ်ရုံသာမက နအဖခေတ် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကိုယ်ရေးအရာရှိ (PSO) အဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
“ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက တပ်ချုပ် (ဒါမှမဟုတ်) ထိပ်တန်းနေရာတစ်ခုအတွက် လျာထားတယ်၊ အလားအလာ ရှိနေတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ သူက အလုပ်လုပ်တာ သေသေ သပ်သပ်တော့ လုပ်တတ်တယ်” ဟု စစ်ဘက်ဆိုင်ရာ သုတေသနတစ်ဦးဖြစ်သူ လုပ်သက်ရင့် CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ၁၉၉၇ ခုနှစ်မှစတင်၍ တပ်မတော်(ကြည်း) ဒုဗိုလ်အဖြစ် ခန့်အပ်ခံရပြီး ထားဝယ်အခြေစိုက် အမှတ် (၂၅) ခြေလျင်တပ်ရင်းတွင် တပ်စုမှူးတာဝန် ထမ်းဆောင်ခဲ့ကာ ယင်းနောက် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိ (PSO) ဖြစ်လာ၍ ၂၀၀၆ ခုနှစ်၌ တပ်ခွဲမှူး၊ ဗိုလ်မှူး အဆင့်ထိ တိုးမြှင့်ရရှိလာသူဖြစ်ကြောင်း သိရသည်။
၎င်းသည် ၂၀၀၈ ခုနှစ်တွင် ဒုတပ်ရင်းမှူးအဖြစ် စစ်အုပ်စု ရုံးတည်စိုက်ရာ နေပြည်တော်ရှိ အမှတ် (၃၀၂) ခြေမြန်တပ်ရင်းသို့ ရာထူးတိုးမြှင့်ရရှိသော်လည်း အမည်စာရင်းသာ ရောက်ရှိပြီး ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ PSO အဖြစ်သာ ဆက်လက်ထမ်းဆောင်ခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)ထံက သိရသည်။
ထို့နောက် ၂၀၁၁ ခုနှစ်တွင် မုံရွာအခြေစိုက် အမှတ် (၁၆) ခြေမြန်တပ်ရင်း၊ တပ်ရင်းမှူးဖြစ်လာသည်။ ထို့နောက် ၂၀၁၃ ခုနှစ်၌ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး၊ ကကကြည်း (စစ်ဆင်ရေး) တို့တွင် စစ်ဦးစီးမှူး(ပထမတန်း)အဖြစ် ခန့်အပ်ခံရပြီး ၂၀၁၅ ခုနှစ်တွင်မူ ဗိုလ်မှူးကြီးအဆင့် ဖြစ်လာကာ အခြေချစစ်ဗျူဟာ(တာချီလိတ်) ဗျူဟာမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။
ယင်းအပြင် ၂၀၁၆ ခုနှစ်တွင် သိန္နီအခြေစိုက် စကခ (၁၆) ဒုစကခမှူးအဖြစ်နှင့် ၂၀၁၇ ခုနှစ်၌ ဖယ်ခုံအခြေစိုက် စကခ (၇) စကခမှူးအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံရပြီး တာဝန်များ ထမ်းဆောင်နေစဉ် ၎င်းအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ် ဖားကန့်မြို့တွင် နယ်မြေစိုးမိုး စစ်ဆင်ရေး တာဝန်များ၌ ကာလတိုပါဝင်ခဲ့ဖူးကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်ကတော့ သူ့ဖို့ပဲ ရှိတတ်တယ်။ နောက်ပြီး အထက်ဖား၊ အောက်ဖိပေါ့။ ဒါကြောင့်မို့ ဒီနေရာကို ရောက်တာပါ။ သေချာတာကတော့ သင်တန်းကျောင်းမှာကလွဲရင် ကျန်တဲ့ နေရာမှာ လုံးဝလက်ညိုးမကွေးဖူးတဲ့၊ စစ်မတိုက်ဖူးတဲ့ လူတစ်ယောက်ဖြစ်တယ်” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ၂၀၁၈ ခုနှစ်တွင် စစ်ဦးစီး ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံရပြီး နေပြည်တော်ရှိ စကခ (၆) စကခမှူးတာဝန်ကိုပါ တွဲဘက်တာဝန်ယူရကာ ၂၀၂၀ ခုနှစ်၌မူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး (လပခတိုင်းမှူး) ဖြစ်လာ၍ စစ်အာဏာသိမ်းမှုနောက်ပိုင်း မန္တလေးမြို့ ဆန္ဒပြပွဲများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့သည်။
ထိုစဉ်အခါက ၎င်းသည် အသက် ၄၅ နှစ်ခန့်သာရှိသေးသဖြင့် အသက်အငယ်ဆုံး စစ်တိုင်းမှူးအဖြစ် စာရင်း ဝင်ခဲ့သူ ဖြစ်သကဲ့သို့ လူထုဆန္ဒပြပွဲများအား ပြင်းထန်စွာ ဖြိုခွင်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အဓိကတာဝန်ရှိသူလည်းဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်၌မူ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ (၁) မှူး) ဖြစ်လာကြောင်း သိရသည်။
ဒုဗိုလ်ချုပ်ကြီး ရာထူးဖြင့် ကစထ (၁) မှူး ဖြစ်လာသော ကိုကိုဦးသည် စစ်ကော်မရှင်ကို မရှုမလှအထိနာ စစ်ရှုံးစေသည့် ရှမ်းပြည်မြောက်ပိုင်း “၁၀၂၇” စစ်ဆင်ရေးအား အဓိကဖော်ဆောင် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ကို တရုတ်အစိုးရ ကြားဝင်ကူညီမှုဖြင့် တွေ့ဆုံရာ၌ အပစ်ရပ်ရန် အထက်စီးမှတဆင့် ခြိမ်းခြောက်ဖိအားပေး ပြောဆိုသူဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအရေးကို စိတ်ဝင်စားပြီး ကြိုးစားလေ့လာမှု အားကောင်းကာ အထူးသဖြင့် တရုတ်အရေးကိစ္စ သေချာလေ့လာသူ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ၂၀၂၅ ခုနှစ်တွင် စစ်ဆင်ရေးအထူးအဖွဲ့များ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာ၌ အရေးကြီးဆုံး ဖြစ်လာသော ကစထ (၅) မှူးနေရာအထိ ပြောင်းလဲတာဝန် ပေးအပ်ခြင်း ခံရသည်။
ထို့အပြင် ယာယီနည်းဗျူဟာမှူးအဆင့်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (နကတ) ကို တက်ရောက်စဉ်ကလည်း ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် “တရုတ်-ဂျပန် ဆက်ဆံရေး” စာတမ်းဖြင့် ပထမရရှိခဲ့ပြီး အရာရှိငယ်ဘဝ၌ ဒုစစ်ခေါင်းဆောင်ဟောင်း၏ ကိုယ်ရေးအရာရှိအဖြစ် စစ်ရုံးတွင်သာ အကင်းပါးစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
“သူက လက်အောက်ခံတွေအပေါ်လည်း စည်းရုံးဆက်ဆံရေး ကောင်းမွန်တဲ့၊ လုပ်ငန်းပြဿနာ၊ အခက်အခဲတွေကို ဖြေရှင်းတဲ့အခါမှာ ဖောက်ထွက်စဉ်းစား ချဉ်ကပ်လုပ်ကိုင်တတ်တဲ့ သူတစ်ယောက် ဖြစ်တယ်လို့လည်း ကြားသိရပါတယ်” ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံဖြစ်သူ လုပ်သက်ရင့် CDM ဗိုလ်မှူးနောင်ရိုးက ဆက်လက်ဆိုသည်။
အဆိုပါ ကာလကတည်းက လက်ရှိစစ်ခေါင်းဆောင်နှင့် ရင်းနှီးယုံကြည်မှုများ ရရှိခဲ့ပြီး အထက်အရာရှိ လိုလားချက်ကို သိရှိသဖြင့် ခေတ်အဆက်ဆက် တပ်တွင်း အရာရှိကြီးများ၏ ယုံကြည်မှုကိုလည်း ရယူထားနိုင်သောကြောင့် အာဏာမသိမ်းခင်နှင့် လက်ရှိအခြေအနေတွင် တပ်ချုပ်အဆင့်ထိ ရေပန်းစား ထင်ကြေးပေးခံရသူများထဲ ပါဝင်လာခြင်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးတွင် ဇနီးဖြစ်သူ ဒေါ်ထားထားဦးနှင့် သား တစ်ဦး၊ သမီး တစ် ဦးတို့ရှိပြီး ၎င်းသည် အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု စာရင်းများတွင် ထည့်သွင်းချမှတ် ခံထားရသူဖြစ်ကာ စိတ်မြန်လက်မြန်ရှိ၍ သဘောမကျသူ၊ အဆင်မပြေသူများကို နှိပ်ကွပ်လေ့ရှိကြောင်း တပ်မတော်သား CDM အရာရှိများထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်၊ MDSI
ပုံစာ – ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး