ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

 

ဧရာဝတီတိုင်းအတွင်း နယ်မြေသုံးခုထက်မနည်း၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော် မရှင်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများအပါအဝင် အရာရှိနှင့် တပ်သားအများအပြား သေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိနေကြောင်း သိရသည်။

 

ရှေ့တန်းမှ ရောက်ရှိလာသည့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)၊ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၄) တွင် ကုသပေးနေရပြီး ဝန်ထမ်းအင်အား မလောက်ငသဖြင့် အခက်တွေ့နေကြောင်း သိရသည်။

 

“မဆရ ၄ ထဲမှ လူနာတွေတအားများလာလို့ ဝန်ထမ်းအင်အား မလောက်ဘဲခက်ခဲနေတယ်။ ခြေပြတ် လက်ပြတ် တပ်သားတွေကိုတောင် မကုနိုင်ဘဲ သေကုန်လို့ ရင်ခွဲရုံမှာ သွားပုံထားရတယ်”ဟု ပုသိမ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ နှစ် ဦးအပါအဝင် အရေးပေါ်ဆေးကုသနေရသည့် တပ်ဖွဲ့ဝင်များ ဆေးကုသဆောင် ၃ ဆောင်တွင် လူနာအပြည့်ဖြစ်နေပြီး ကိုယ်အင်္ဂါပြတ်တောက်သူ များပြားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

ထို့ပြင် သေဆုံးတပ်ဖွဲ့ဝင်များကို ရင်ခွဲရုံတွင် ပုံထပ်ထားရပြီး အချို့ကို ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်သို့ ပို့ဆောင် ၍ သင်္ဂြိုဟ်ပေးနေသည်ဟု သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

 

မဆရ ၄ တွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားသည့် ဗိုလ်ကြီးနှစ်ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီဝန်း ကျင်က အချိန်ခြား၍ ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်တွင် ကား ခုနစ် စီးဖြင့် ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ရေကြည် (ငါးသိုင်းချောင်း)၊ သာပေါင်း၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တပ်တွင်းမှ ထွက်ပြေးသူလည်း များပြားလာနေသည်။

 

ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်များအတွင်း ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆) မှ စစ်မှုထမ်း တပ်သားသစ် လေးဦး၊ သာပေါင်းဘက်တွင် တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ရှစ် ဦး၊ ငါးသိုင်းချောင်း အမြောက်တပ် အမတ-၃၄၄ မှ လေး ဦးနှင့် ယင်းဇယ်ဘက်တွင် ခုနစ် ဦးတို့ ထွက်ပြေးခဲ့ကြသည်။

 

ထိုသို့ ထွက်ပြေးသွားသူများအနက် တပ်သား ငါး ဦးကို ယင်းဇယ်ပြည်သူ့စစ်များ၏ ဖမ်းဆီးပေးမှုကြောင့် ပြန်လည်ဖမ်းဆီး ရမိသွားကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်