ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရှားခဲတိုက်နယ်တွင် စစ်ကော်မရှင်ကို လိုင်းကြေးပေး၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးဆောင်ကာ လောင်းကစားဝိုင်းများကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ အကြီးအကျယ် ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ရှားခဲတိုက်နယ်၊ တောင်ဂလုံကျေးရွာဘေးရှိ လယ်ကွင်းအစပ်တွင် ပြုလုပ်နေသည့် အဆိုပါ လောင်းကစားဝိုင်းများကို စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေနှင့်အဖွဲ့က အမိုး အကာများဖြင့် အခိုင်အမာ ဆောက်လုပ်ကာ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ကြက်ဝိုင်း၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းများ ပါဝင်ကြောင်း သိရသည်။

 

“လောင်းကစားဝိုင်းကတော့ မြင်တဲ့အတိုင်းပဲ အကြီးကျယ်လုပ်နေကြတာ။ မြို့နယ်က စစ်ကော်မရှင် အဖွဲ့ကလဲ ခွင့်ပြုထားတာပေါ့။ သတင်းတက်ရင်လဲ မြို့နယ်က လှမ်းအကြောင်းကြားမယ်။ လာစစ်ရင် ဝိုင်းဖျက်ထားကြ‌ပေါ့။ အဲ့ဒီလို ကြိုတင် ဖုန်းဆက်အကြောင်းကြားမယ်ပြောတယ်။ ဝိုင်းတွေကို ခေတ်ပြန် ကောင်းတဲ့အထိ လုပ်မယ်လို့လဲပြောတယ်”ဟု ရှားခဲတိုက်နယ်ရှိ စစ်ကော်မရှင်တပ်နှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို အပတ်စဉ် သောကြာနေ့ နေ့လယ်ပိုင်းမှစတင်ကာ စနေ၊ တနင်္ဂနွေ သုံးရက် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ခေတ္တရပ်နားခဲ့ရသော်လည်း ယနေ့တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

 

လောင်းကစားဝိုင်းများနှင့် ပတ်သက်၍ ဟင်္သာတမြို့နယ် စစ်ကော်မရှင်ထံ တိုင်ကြားမှုများ ရှိသော်လည်း စစ်ကော်မရှင်တပ်အနေဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း စစ်ကော်မရှင်တပ်ကို လိုင်းကြေး ပေးဆောင်ကာ လောင်းကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြကြောင်း ဧရာဝတီ တိုင်းမ်၏ စုံစမ်းချက်အရ သိရသည်။

 

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ရှားခဲတိုက်နယ်၊ တောင်ဂလုံကျေးရွာဘေးရှိ လယ်ကွင်းအစပ်တွင် ယနေ့ ပြုလုပ်နေသည့် လောင်းကစားဝိုင်း