နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ရာထူးမှ နှုတ်ထွက်စာတင်ပြခဲ့ပြီးနောက် လက်ရှိတွင် ကင်ဆာရောဂါဖြင့် ဆေးရုံတင် ကုသမှုခံယူနေရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ဒေါ်ကြည်ပြာသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ငွေကြေး အလွဲသုံးစားမှု စသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခံခဲ့ရသူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အဖြေရလဒ်များ ထွက်ပေါ်လာစဉ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမည့် အခြေအနေကြောင့် ရာထူးမှ နှုတ်ထွက်စာတင်ခဲ့သည်။
“ကင်ဆာဖြစ်ပြီး ဆေးရုံမှာ ကီမိုသွင်းနေရတာ ဟုတ်ပါတယ်။ အခုက အဆက်အသွယ်ပြတ်နေတော့ နောက် ဆုံးအခြေအနေတွေ မသိရဘူး” ဟု ဒေါ်ကြည်ပြာ၏ မိသားစုနှင့် ခင်မင်ရင်းနှီးသူတစ်ဦးက ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က အရေးယူပေးရန် တိုင်ကြားခံရသော ဒေါ်ကြည်ပြာသည် ၎င်းအမှုအား စုံစမ်းစစ်ဆေးနေချိန်တွင်ပင် ကင်ဆာရောဂါ ခံစားနေရမှုကို သိရှိလာရပြီး နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ခင်မင်သိကျွမ်းသူများထံမှ သိရသည်။
“မကြည်ပြာဟာ ကင်ဆာ နောက်ဆုံးအဆင့်နဲ့ ဆေးရုံတင်ထားရတယ်လို့ ပြောတယ်။ ဒီနေ့ ကီမို စသွင်းတယ်ကြားတယ်။ အမှုဖြစ်နေစဉ်မှာ ကင်ဆာရှိနေတယ် ဆိုတာကို သိရတာလို့ ပြောတယ်။ stage 4 လို့ ပြောတယ်” ဟု ဦးမျိုးရန်နောင်သိမ်းက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးတင်ထားသည်။
ဒေါ်ကြည်ပြာ၏ နှုတ်ထွက်စာတွင် စွပ်စွဲချက်အချို့အား ဖြေရှင်းပြီးဖြစ်ကြောင်းနှင့် ကျန်းမာရေးအရ အနားယူရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှု ရလဒ်များအရ ၎င်းအနေဖြင့် နောင်တွင် ဝန်ထမ်းများအပေါ် ပြောဆိုဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များအတွက် NUG ဘက်က ပြင်းထန်စွာ သတိပေးထားသည်။
ဒေါ်ကြည်ပြာကမူ ၎င်းအနေဖြင့် ရာထူးမှ အနားယူခဲ့သော်လည်း တော်လှန်ရေး အောင်မြင်သည်အထိ တတ်နိုင်သည့်ဘက်မှ ဆက်လက် ပါဝင်သွားမည်ဟု ဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#NUGဝန်ကြီးချုပ်ရုံး #အတွင်းဝန် #ရာထူးမှနှုတ်ထွက် #ဒေါ်ကြည်ပြာ #ကင်ဆာရောဂါ #Ayeyarwaddy_Times