ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

 

ဇာတ်မင်းသား အောင်ဇမ္ဗူ တည်ထောင်ထားသည့် “အောင်ဇမ္ဗူဇာတ်သဘင်” အဖွဲ့သည် မသန်စွမ်း သူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ကပြမှုများ ပြုလုပ်ခဲ့သဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ညွှန် ကြားချက်အရ ပွဲကပြခွင့် တစ်နှစ်အပိတ်ခံလိုက်ရကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားပွဲ၌ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က ဖျော်ဖြေရာ တွင် မသန်စွမ်းသူများ၏ အသွင်သဏ္ဌာန်ကို ဟာသပြုလုပ် ကပြခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများပြားခဲ့ပြီး မသန်စွမ်းအသင်းအဖွဲ့များဖြစ်သည့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ကလည်း မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မသန်စွမ်းအဖွဲ့အစည်းများ၏ တိုင်ကြားချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် မှစတင်ကာ တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

 

“ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်တို့ဘက်က မှားတယ်ဆိုရင် အားလုံးကိုယ်စား ကျွန်တော် ကပဲ တောင်းပန်ပါတယ်။ အယူအဆတွေ၊ အထင်မြင်လွဲမှားမှုတွေ ဖြစ်လာတဲ့အပေါ် မကောင်းဘူး ပေါ့နော်” ဟု ဇာတ်မင်းသားအောင်ဇမ္ဗူ မှ ပြန်လည်ဖြေရှင်း တောင်းပန်ထားသည်။

 

ယခုအခါ ဇာတ်ကန်ထရိုက်တာဘက်ကလည်း ပွဲကပြခွင့် တစ်နှစ်ပိတ်သိမ်းခံရကြောင်း အတည်ပြု ထားပြီး ယနေ့ည ကပြရန်စီစဉ်ထားသည့် သင်္ဃန်းကျွန်း၊ ရန်မျိုးအောင်ဘုရားပွဲအတွက် ကြိုတင် လက်မှတ် ဝယ်ယူထားသူများကို ဇာတ်ရုံတွင် ငွေပြန်လည်ထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။

 

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့သည် ယခင်ကလည်း ဟာသပျက်လုံးများတွင် ကလေးသူငယ်အခွင့်အရေး ထိပါးမှုဖြင့် သဘင်အစည်းအရုံး၏ ပြင်းပြင်းထန်ထန် သတိပေးမှုကို ခံခဲ့ရဖူးကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်