ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

 

စစ်ကော်မရှင်လက်အောက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်းကာ ရွှေလီမြို့ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန် အတွင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Haigeng Garden အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာအရ ကျောက်မျက်ရတနာများကို တရားမဝင်သယ်ဆောင်မှုများကို တားဆီးရန် ပူးပေါင်းဆောင်ရွက်ရေးပါဝင်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲပြုလုပ်ရန် ပူးတွဲစီစဉ်သွားမည် ဖြစ်ကြောင်း စစ်ကော်မရှင်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီက ဆိုသည်။

 

ထို့ပြင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်စီးပွးရေးကဏ္ဍ ပိုမိုတက်စေရန်အတွက် ကျောက်မျက်ရတနာ ကုန်သွယ်မှုတွင် တိုးမြှင်ရန်အပြင် သစ်တောကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

 

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကျင်းပခဲ့ပြီး ကျောက်စိမ်းအတွဲ စုစုပေါင်း ၅၀၈၅ တွဲ၊ ကျောက်မျက် ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက် လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ စုစုပေါင်းအတွဲ ၁၆၀ နှင့် ပုလဲအတွဲ ၄၈၉ တွဲရောင်းချခဲ့သည်။

ဓာတ်ပုံ – MOI