‎‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂၆ ရက်

‎နယ်နိမိတ်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးသစ်ကို ကြိုဆိုကြောင်း AAစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သဝဏ်လွှာ ပေးပို့ခဲ့သည်။

‎ဘင်္ဂလား‌ဒေ့ရှ်နှင့် ရခိုင်ပြည်ကြား ချစ်ကြည် ရင်းနှီးမှု လမ်းကြောင်းသစ်တစ်ခု ရေးဆွဲနိုင် မည်ဖြစ်‌ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား‌ရေးဝန်ကြီးသစ်‌ ဒေါက်တာ ခါလီလူရာမန် ကို AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၅ရက်တွင် ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာ BSSက ဖော်ပြသည်။

‎”ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရာထူးသစ်ကို ကြိုဆိုကြောင်း၊ လက်တွေ့ကျ ရေရှည်တည်တံ့သည့် ဖြေရှင်းနည်းများနှင့် ဆက်လက် လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ရရှိပြီးသား ကောင်းမွန်သည့် ဆက်ဆံရေးဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်ကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းတစ်ခု ရေးဆွဲဖို့ အခွင့်အရေးရရှိပြီ”ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားပေးပို့ချက်တွင် ဖော်ပြသည်။

‎စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးထံ သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု သိရသည်။

‎ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်အကြား ရိုဟင်ဂျာအရေးနှင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များပြောင်းရွှေ့ရေး၊ ရခိုင်ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းသမားများအရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ AAစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုတို့ကို ရင်ဆိုင်နေရသည်။

‎နယ်မြေထိစပ်နေသည့် မောင်တောဒေသကို ထိန်းချုပ်ထားသည့် AAနှင့် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများ တရားဝင် ဆက်သွယ်ညှိနှိုင်းမှုများမရှိသေး‌ကြောင်း သိရသည်။