ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ ဖေဖော်ဝါရီ ၂၆ ရက်

 

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများအတွင်း ယမန်နေ့ဖေဖော်ဝါရီ ၂၅ ရက်နေ့က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ်မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

 

စစ်ကော်မရှင်လက်အောက်ခံ ဝါဒဖြန့်မီဒီယာများက လည်း KNPP၊ KNDF၊ PDF တပ်ဖွဲ့များက ဒေသတွင်းကုန်စည်စီးဆင်းမှုများပျက်ပြားစေရန်ရည်ရွယ်ကာ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ပြောဆိုခဲ့သည်။

 

ဖားဆောင်းတံတားမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မိုင်းခွဲခံခဲ့ရပြီး တံတားတစ်ဖက်ပြိုကျပျက်စီးခဲ့ပြီး ယခုတစ်ခါတွင်မူ ကျန်ရှိနေသည့်တစ်ဖက်ခြမ်း ပျက်စီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်က ဖားဆောင်းမြို့နယ်အတွင်းသို့ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခဲ့သည့်အတွက် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေကာ လက်နက်ကြီးပစ်ခတ်မှုများလည်း အပြင်းအထန်ပြုလုပ်နေကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ရန်နိုင်မင်းစစ်‌‌ဆင်ရေး အစိတ်အပိုင်းအဖြစ် ဖားဆောင်းမြို့နှင့် မော်ချီးဒေသကို ပြန်ရရန်ရည်ရွယ်ချက်ဖြင့် တိုက်ပွဲဖော်ဆောင်နေခြင်းလည်း ဖြစ်သည်။

 

စစ်ကော်မရှင်ကဖားဆောင်းတံတား ပျက်စီးမှုကို တော်လှန်ရေးတပ်ဖွဲ့များကြောင့်ဟု စွပ်စွဲပြောဆိုထားသော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များဘက်ကမူ တုံ့ပြန်ပြောဆိုမှုမရှိသေးကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်