ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ – ၁၆ အနီးသို့ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များ ရောက်ရှိလာသဖြင့် စစ်ကော်မရှင်က စစ်ယာဉ်တန်း ၁၀ စီးခန့်ဖြင့် စစ်အင်အားများကို အရေးပေါ် ဖြည့်တင်းနေကြောင်း သိရသည်။
ပန်းတောင်း-တောင်ကုတ် ရိုးမလမ်းအတိုင်း တိုက်စစ်ဆင်လာသည့် AA တပ်ဖွဲ့များသည် ကပစ -၁၆ ၏ အရေးပါသော ကာကင်းစခန်းဖြစ်သည့် ပွိုင့်-၆၆၆ အပါအဝင် ကာကင်းစခန်း ၇ ခုခန့်ကို သိမ်းပိုက်ပြီးနောက် စက်ရုံအနီးစည်းအထိ ချဉ်းကပ်လာနေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ညောင်ခြေထောက်အခြေစိုက် ကပစ-၆ မှ စစ်ယာဉ်တန်း ၁၀ စီးခန့်သည် ယခု ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း မသုန်ကျေးရွာရှိ ကပစ-၁၆ အတွင်းသို့ အင်အားဖြည့်တင်းရန် ပို့ဆောင် လာခြင်းဖြစ်သည်။

“ကပစ (၁၆) က တကယ်ကို စိုးရိမ်ရတဲ့ အနေအထားပါ။ AA ရဲ့ စစ်ရေးပစ်မှတ်ထားခြင်းခံရတဲ့ တစ်ခုတည်းသော စက်ရုံဖြစ်နေတယ်။ အရင်က ကပစ-၆ ကို ဦးတည်ခဲ့ဖူးပေမယ့် အခုက ဆင်လန် ကိုကွင်းပြီး ဥသျှစ်ပင်လမ်းဆုံဘက်ကို ချီတက်လာတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ကပစ-၁၆ ၏ ထုတ်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားကာ စက်ရုံတစ်ခုလုံးကို ခံစစ်စခန်းအသွင်ပြောင်းလဲ၍ အင်အားဖြည့်တင်းထားကြောင်း သိရသည်။
AA တပ်ဖွဲ့များသည် ပန်းတောင်း-တောင်ကုတ် ရိုးလမ်းအတိုင်း ပုဂံကွဲမှတစ်ဆင့် ကပစ-၁၆ အထိ ရှည်လျားသည့် ဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုကာ တိုက်စစ်ဆင်နေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“စစ်ကော်မရှင် စစ်ကြောင်းတွေက ပွိုင့်-၆၆၆ ကနေ တောင်ကုတ်နယ်အထိ ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့လို့ ပထမတစ်ကြိမ် သိမ်းပြီး ခေတ္တလက်လွှတ်ခဲ့ရတဲ့ ပွိုင့်-၆၆၆ စခန်းကို AA က ပြန်သိမ်းခဲ့တာ။ အဲ့ဒီကနေ ကပစ-၁၆ အထိ ထိုးစစ်ဆင်လာတာပဲ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
AA ၏ ထိုးစစ်သည် ကပစ-၁၆ သို့ ရောက်ရှိရန် မီတာအနည်းငယ်သာ ကွာဝေးတော့ပြီး ကြားခံစခန်းငယ် သုံး ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။
AA သည် ရခိုင်ပြည်နယ်ပြင်ပရှိ စစ်တိုင်းဒေသများသို့ နယ်မြေချဲ့ထွင်လာနေပြီး လက်ရှိတွင် ဂွ-ဧရာဝတီအစပ်ရှိ ရေကြည်၊ သာပေါင်း၊ အင်္ဂပူ၊ လေးမျက်နှာတို့အပြင် မကွေးတိုင်းနှင့် ပဲခူးတိုင်း တို့တွင်လည်း စစ်ရေးပြင်းထန်လျက်ရှိသည်။
ပုံစာ-ကပစ-၁၆ ကို Google မှ တွေ့ရစဉ်