နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

စစ်ကော်မရှင်၏ အစိုးရသစ် ဖွဲ့စည်းရေးတွင် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်သစ်)ပါ ခန့်အပ်သွားမည် ဆိုခြင်းကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခန်းကဏ္ဍအပေါ် အကဲခတ်များက အမြင်နှစ်မျိုးဖြင့် ရှုမြင်လာကြသည်။

စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အလွတ်သဘောတွေ့ဆုံစဉ် တပ်ချုပ်သစ် ခန့်အပ်မည့်အကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းမှာ စစ်ခေါင်းဆောင်အနေဖြင့် တပ်ချုပ် ရာထူးမှအနားယူကာ ၎င်းအဖြစ်ချင်ဆုံး သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ရန် ခြေလှမ်းစခြင်း ဖြစ်နိုင်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။

“သိရသလောက် မင်းအောင်လှိုင်က သမ္မတပဲ လုပ်မှာပါ။ ဒါက လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး။ ဖြစ်နိုင်ရင် အသက်အရွယ်အရ နှစ်ဆက် (၁၀ နှစ်) လောက်တော့ လုပ်လိမ့်မယ်လို့ ယူဆရတယ်” ဟု နိုင်ငံရေး အကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ၂၀၁၁ ခုနှစ်မှစတင်ကာ တပ်ချုပ်ဖြစ်လာပြီးနောက် ၂၀၁၄ ခုနှစ်တွင် အသက် ၆၀ ပြည့် အနားယူရမည့် သက်တမ်းကို ၅ နှစ် တိုးမြှင့်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဇူလိုင်လတွင် အသက် ၆၅ နှစ် ပြည့်ခဲ့သော်လည်း အသက်ကန့်သတ်ချက်ကို ထပ်မံပယ်ဖျက်ကာ တပ်ချုပ်တာဝန်ကို ၁၅ နှစ်တိုင် ဆက်လက်ရယူထားခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း တစ်ကိုယ်တော် စိတ်ထင်တိုင်းကြဲနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်ချုပ်ရာထူးအပြင် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်) ဥက္ကဋ္ဌဟူ၍ ထပ်တိုးရယူထားသည်။

“သူ့ရဲ့(စစ်ခေါင်းဆောင်) မျှော်မှန်းချက်အတိုင်းသာ အဆင်ပြေရင် သမ္မတလုပ်ဖို့ များနိုင်ပါတယ်” ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)၏ စစ်ဘက်သုတေသန တာဝန်ခံဖြစ်သူ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ဆင်း စစ်ခေါင်းဆောင်သည် ၎င်းအတွေ့အကြုံများကို လက်တွေ့အသုံးချပြီး လက်ရှိရာထူးထက် ပို၍မြင့်သော တာဝန်အား ရယူလိုဟု မကြာ ခဏ ပြောဆိုလေ့ရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်အာဏာမသိမ်းခင် နိုင်ငံတော် အင်္ဂါစဉ်မှာ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ (၁)၊ (၂)အပါအဝင် အဆင့် ၃၈ ဆင့်ရှိပြီး တပ်ချုပ်သည် အဆင့် ၈ နေရာတွင် ရှိနေသည်။

ထို့ကြောင့် စစ်ခေါင်းဆောင် ပြောစကားများအရ လာမည့်အစိုးရသစ်၌ ပြည်သူ့ရွေးကောက်ခံ မဟုတ်သော အခွင့်ထူးခံ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ လွှတ်တော်တွင်း တင်သွင်းထောက်ခံမှုဖြင့် ဒုသမ္မတ အနိမ့်ဆုံး ဖြစ်လာရန်ရှိသည်။

ယင်းအတူ ၎င်းပုံဖော် ဖန်တီးထားသော ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်ရန် အများဆုံး မဲအနိုင်ရ လက်ဝေခံ ကြံ့ခိုင်ရေးပါတီ၏ ထောက်ခံမှုတို့ဖြင့်ပါ ထည့်ပေါင်းလိုက်လျှင် သမ္မတဖြစ်ရန်မှာ သေချာနေသည်။

သို့သော် မကြာသေးမီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေ ရှိလာခြင်းကြောင့် အမည်ခံ အစိုးရ၏ သမ္မတအထက် တွင်နေမည့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌအဖြစ်လည်း လုပ်ဆောင်လာနိုင်ပေသည်။

“တပ်ချုပ်ကတော့ ချိန်းမှာသေချာသလောက်ပါပဲ။ ကျွန်တော်ကတော့ ကြည့်ရတာ သူအတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ လုပ်ချင်တဲ့ အနေအထားမျိုးလို့ ယူဆမိတယ်” ဟု စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ ရာထူး ဖြစ်ပေါ်လာအောင် စတင်ဖန်တီးခဲ့သူမှာ ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၌လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟူ၍ နေရာရှိခဲ့ဖူးသည်။

စစ်ခေါင်းဆောင်ပြဌာန်းထားသည့် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဥပဒေအရ ဥက္ကဋ္ဌဖြစ်သူသည် မည်သူ့ကိုမျှ အစီရင်ခံရန်မလိုဘဲ အာဏာအားလုံးကို ချုပ်ကိုင်ထားနိုင်သည့် အခွင့်ထူးခံ ရှိနေသည်။

ထို့ကြောင့် စစ်ခေါင်းဆောင်အနေဖြင့် နိုင်ငံရေးထွက်ပေါက်ရရန်နှင့် အာဏာတည်မြဲရန်အတွက် သမ္မတနေရာထက် ပို၍အာဏာရှိသော “ကောင်စီဥက္ကဋ္ဌ” အဖြစ် ပြောင်းလဲသွားနိုင်ကြောင်းလည်း တပ်တွင်း သတင်းရင်းမြစ်အချို့က ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ စစ်ခေါင်းဆောင်သည် အတုအယောင်ရွေးကောက်ပွဲမှ တစ်ဆင့် ၎င်း၏အာဏာကို အရပ်ဝတ်လဲ၍ ဆက်လက်ဆုပ်ကိုင်ထားရန် ပြင်ဆင်နေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း အကဲခတ်များက တညီတညွတ်တည်း သုံးသပ်ထားသည်။

ဓာတ်ပုံ-MOI