ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီ ၂၆ ရက်

 

မွန်ပြည်နယ်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ငါး ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံမှ သိရသည်။

 

သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက အနင်းကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး နှစ် လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ဆောင်းဘောက်ဖွင့်၍ ကခုန်ပျော်ပါးနေသည့် အချိန်ကို အခွင့်ကောင်းယူကာ အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အနင်းရဲစခန်းကို ညဘက်ကြီး ဒရုန်းနဲ့ သွားချတာပါ။ သူတို့တွေ ဆောင်းဘောက်ဖွင့်ပြီး ကနေတဲ့အချိန် အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ညီနောင်ဒရုန်းတပ်ပေါင်းစုကနေ ဗုံးသီးကြဲချခဲ့တာပါ” ဟု MSRF တပ်ဖွဲ့မှ မိတလဉာဏ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ရေးမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၂၃ ရက်က ခလရ-၁၀၆ မှ အင်အား ၁၅၀ ခန့်ဖြင့် အောင်သပြေကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ငါး ဦး သေဆုံးခဲ့ပြီး စစ်ကော်မရှင်ဘက်မှ လက်နက် ကြီးများဖြင့် ပြင်းထန်စွာ ပြန်လည်ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် နှစ် ဦး ကျဆုံးခဲ့ရသည်။

 

“သူတို့က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကျွန်မတို့ဘက်ဆီကိုတက်လာတာဖြစ်တယ်။ ဒီထဲမှာမှဘယ်လို ဖြစ်လဲဆိုတော့သူတို့က အင်အားအလုံးရင်းနဲ့တက်လာတယ်။ လက်နက်ကြီးကလည်း‌ တော်တော်လေး အားကောင်းတယ်။ ပြင်းပြင်းထန်ထန်ဝိုင်းပြီး အပစ်ခံရတဲ့အခြေအနေမှာ ကျွန်မတို့ရဲဘော်နှစ်ယောက် ဆုံးရှုံးလိုက်ရတယ်ပေါ့” ဟု မိတလဉာဏ်က ဆက်လက်ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုများကို မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနမှတပ်များဖြစသည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ ရေးပြောက်ကျားတပ် (YGF)၊ KNLA တပ်ရင်း-၂၇၊ တပ်ခွဲ-၁၊ ဗျူဟာ(၃၃) ဒေါနချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီးတပ် တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – MSRF