ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းဆည်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးမှုများကြောင်း သိရသည်။
ဓညဝတီရေတပ်ဌာနချုပ်နှင့် ၃၂ရဲတပ်ရင်းမှ ဖြန့်ခွဲထွက်လာသည့် စစ်ကြောင်း လေးခုထက်မနည်းမှ အင်အား ၇၀ခန့်ပါ စစ်ကြောင်းတစ်ခုမှာ သိုင်းချောင်းဆည်အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်က AA၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးသွားပြီး တပ်ပြန်ဆုတ်သွားကာ ကျန်စစ်ကြောင်းများနှင့် ပူးပေါင်းသွားသည်ဟု သိရသည်။

“သိုင်းချောင်းဆည်ဘက်ကို တက်လာတဲ့စစ်ကြောင်းလို့ပြောတယ်။ တပ်ပျက်ထွက်ပြေးတယ်လို့လည်း ပြန်ကြားရသလို မူလစစ်ကြောင်းတွေနဲ့ ပူးပေါင်းတယ်လို့လည်းပြောတယ် အဲဒါမသေချာဘူး။ သေတာတော့ အစုလိုက်ပဲ” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကြောင်းများဆက်တိုက်ဖြန့်ခွဲထွက်လာနေပြီး ဦးကင်း၊ စိုင်ခြုံနှင့် သိုင်းချောင်းတို့တွင် တိုက်ပွဲများရှိနေပြီး AAက ဟန့်တားစစ်၊ ပြောက်ကျားစနစ်များဖြင့် ဆက်တိုက် တိုက်ခိုက်ထားသည်။
မင်းတပ်တောင်ကို စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်လိုက်သည်ဟု စစ်တပ်လော်ဘီများက ဝါဒဖြန့်နေပြီး အသေခံဒရုန်းများဖြင့် AAစခန်းများကို တိုက်ခိုက်ထားကြောင်း ပြောဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၁နာရီခန့်က ကျောက်ဖြူ၊ င/အုပ်ကျေးရွာကို အသေခံဒရုန်း နှစ်စင်းဖြင့်တိုက်ခိုက်ရာ စစ်ရှောင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကျောက်ဖြူတိုက်ပွဲအတွင်းကို စစ်ကော်မရှင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျရှုံးပြီး တပ်ပျက်ထွက်လာသည့် တပ်ဖွဲ့ဝင်ထက်ဝက်ကျော်ကို ပို့ဆောင်တိုက်ခိုက်ခိုင်းထားပြီး တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ခုနှစ်ရင်းခန့်ကိုလည်း အသုံးပြုထားသည်။
ကျောက်ဖြူတိုက်ပွဲတွင် အသုံးပြုထားသည့် စစ်အင်အားမှာ ဗန်းမော်တိုက်ပွဲထက် သာလွန်အင်အား အသုံးပြုထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။