ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

 

နွေဦးရာသီရောက်ရှိချိန် ရန်ကုန်မြို့အတွင်း ကျန်းမာရေးထိခိုက်စေနိုင်သည့်အဆင့်အထိ သုံးရက်ဆက်တိုက်လေထုညစ်ညမ်းမှုဖြစ်ပေါ်လာပြီး ယနေ့တွင် လေထုညစ်ညမ်းမှု အညွှန်းကိန်းအဆင့်လျော့ကျ သွားကြောင်းသတင်းရရှိသည်။

 

ရာသီဥတုခြောက်သွေ့မှုနှင့်အတူ သစ်ရွက်ခြောက်၊ အမှိုက်များကိုမီးရှို့မှုကြောင့် ရန်ကုန်မြို့လေထု ညစ်ညမ်းလာကာ ကမ္ဘာ့အဆင့် သုံးမှ လေးအတွင်းသို့ရောက်ရှိပြီး လေထုအရည်အသွေးညွှန်းကိန်း (AQI) ၂၂၇ ထိမြင့်တက်သွားကြောင်း ကမ္ဘာ့လေထုတိုင်းတာရေးဝက်ဆိုဒ် IQAir တိုင်းတာချက်အရသိရသည်။

 

လေထုအရည်အသွေးညွှန်းကိန်း (AQI) တိုင်းတာချက်တွင် လေထုအတွင်း အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာအရွယ်သေးငယ်သော အမှုန်အမွှားများပါဝင်မှုနှုန်းထားကိုတွက်ချက်ခြင်းဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၏ လေထုအရည်အသွေးညွှန်းကိန်း (AQI) ၆၉ ဝန်းကျင်ရှိပြီး အသင့်အတင့်လျော့ကျသွားကြောင်းသိရသည်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအဆင့် နှစ်မှ အဆင့်သုံးသို့ အပြောင်းအလဲဖြစ်ပေါ်ကာ ပျှမ်းမျှအနေဖြင့် လေထုအရည်အသွေးညွှန်းကိန်း ( AQI) ၁၂၀ မှ ၂၂၇ ကြားဖြစ်ပေါ် ပြီး ကျန်းမာရေးအတွက်စိုးရိမ်ရသော very unhealthy အဆင့်သို့ရောက်ရှိသွားခဲ့သည်။

 

ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအဆင့် လေးအထိရောက်လာကာ ပျှမ်းမျှအနေဖြင့် လေထုအရည်အသွေးညွှန်းကိန်း ( AQI) ၁၅၆ မှ ၁၆၇ ကြားရှိပြီး အနီရောင်အဆင့်ဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘာ့လေထုတိုင်းတာရေးအချက်အလက်အရသိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် မနက်ပိုင်းတွင် လေထုအရည်အသွေးညွှန်းကိန်း ( AQI) ၇၈ ( အသင့်အတင့်) ရှိပြီး ညနေပိုင်းတွင် အမြင့်ဆုံး ၁၁၀ ( အသက်ရှုလမ်းကြောင်းရောဂါအခံရှိသူများ ကျန်းမာရေးထိခိုက်နိုင်) အဆင့်ရောက်ရှိခဲ့သည်။

 

အဆိုပါလေထုတိုင်းတာရေးဝက်ဆိုက် IQAir သည် ရန်ကုန်မြို့၏လေထုတိုင်းရာတွင် ဂျာမနီသံရုံး၊ FFI၊ Myanmar International School နှင့် Myanmar Information Highway နှင့် တသီးပုဂ္ဂသုံးဦးက လေထုအရည်အသွေးအချက်အလက်ထောက်ပံ့ပေးကြောင်းသိရသည်။

 

စစ်ကော်မရှင်လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန၏ ရန်ကုန်မြို့ဝန်းကျင်လေထုအရည်အသွေးလေ့လာဆန်းစစ်ချက်တွင် ဖေဖော်ဝါရီ ၁၆ မှ ၂၄ ရက်အတွင်း လေထုအရည်အသွေးကောင်းမွန်သောအဆင့်ရှိကြောင်းထုတ်ပြန်ထားသည်။

 

လေထုညစ်ညမ်းမှုကာကွယ်ရေးအတွက် Mask တပ်၊ မျက်မှန်တပ်ကာ အရေပြားအကာကွယ်နှင့် အသက်ရှူလမ်းကြောင်းအကာကွယ်များတပ်ဆင်သွားလာသင့်ကြောင်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှုစတင်ဖြစ်ပေါ်လာကာ ကျန်းမာရေးအားနည်းသော ရောဂါအခံရှိသူများက လေထုညစ်ညမ်းမှုကြောင့်ကျန်းမာရေးထိခိုက်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်