‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂၅ ရက်

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့၍ အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ ကျင်းပခဲ့သည့် တရားမျှတသော ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသစ်ကို အာဏာလွှဲမည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၎င်း၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်အတွင်းရှိ နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်များမှ စစ်အရာရှိများနှင့် မိသားစု ဝင်များကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ဆုံစဉ် ဒုစစ်ခေါင်းဆောင်က ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲသည် မဲမသမာမှုများပြုလုပ်ပြီး အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းမှုများ ကြောင့် နိုင်ငံတော်တာဝန်များကို ယူခဲ့ရခြင်းဖြစ်ပြီး အာဏာရယူစဉ်က ဆန္ဒပြမှုများကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည်ဟု မြေပြင်အခြေအနေနှင့် ဆန့်ကျင်ဘက် စကားများကို ဒုစစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းက ပြောဆိုခဲ့သည်။

ထို့ပြင် အီလက်ထရောနစ် မဲပေးစက်များကို အသုံးပြုကာ လေ့လာသူများရှေ့တွင် ကျင်းပခဲ့သည့် လွတ်လပ်၍ တရားမျှတကာ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယင်းမှတစ်ဆင့် အစိုးရသစ်ကို အာဏာလွှဲမည်ဟု ဆိုသည်။

စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံအနှံ့ တိုက်ပွဲများကြောင့် မြို့နယ်အများအပြားတွင် ကျင်းပနိုင်ခြင်းမရှိသလို စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ၎င်းတို့၏ လက်ဝေခံ ပါတီဝင်များသာ တစ်ဖက်သတ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သော်လည်း ဒုချုပ်စိုးဝင်းကမူ ယင်းကို တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် တင်စားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ၎င်းတို့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် CRPH၊ NUG နှင့် PDF စသည့် တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ်ပုံဖျက်၍ တရားဥပဒေနှင့်အညီ နှိမ်နင်းနေ သည်ဟုတပ်တွင်းစည်းရုံးရေး လေသံထုတ်ကာ ထည့်သွင်းပြောဆိုခဲ့သည်။