ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဖေဖော်ဝါရီ ၂၅ ရက်
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသကျေးရွာအချို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) က အင်တာနက်လိုင်း ဖြတ်တောက်ပြီး သတင်းအမှောင်ချကာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေသည့်အတွက် ပြည်သူများ ထိတ်လန့်စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသရှိ ရှင်ဘောင်၊ မကွီရှစ်၊ အောက်ရင်း စသည့်ကျေးရွာများအပါအဝင် ကျေးရွာများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ ညသန်းခေါင်ယံအချိန်မှစတင်၍ CDF-Daai တပ်ဖွဲ့ဝင်များသည် လက်နက်၊ ယူနီဖောင်းအပြည့်စုံဖြင့် အင်အားအလုံးအရင်း ဝင်ရောက်လာခဲ့သည်။

ထို့နောက် ပြင်ပသို့ သတင်းမပေါက်ကြားစေရန်အတွက် ကျေးရွာအတွင်းရှိ ပြည်သူများ ဝယ်ယူ ပိုင်ဆိုင်ထားသည့် Starlink အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ ဒေသခံများကို သာရေး၊ နာရေးနှင့် စိုက်ခင်းသွားလာခွင့်များအပါအဝင် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်လိုက်ကြောင်း သိရသည်။
ထို့အပြင် ၎င်းကျေးရွာများ ဘေးပတ်လည်ကိုလည်း CDF-Daai တပ်ဖွဲ့ဝင်များက အင်အားအလုံး အရင်းဖြင့် ပိတ်ဆို့ထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“CDF ရဲဘော်တွေက ညဘက် ဗြုန်းစားကြီး ရွာထဲဝင်လာကြတယ်။ ရွာထဲမှာရှိတဲ့ စတားလင့်တွေကို အရင်သိမ်းဆည်းတယ်။ မနက်ရောက်တော့ ရွာဘေးပတ်လည်မှာ CDF ရဲဘော်တွေက ပိတ်ဆို့ ထားတယ်။ ခရီးသွားလာဖို့အပြင် ယာခင်းသွားဖို့လည်း ကန့်သတ်ခံရတယ်”ဟု ကန်ပက်လက်မြို့နယ်၊ အောက်ရင်းရွာသား အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် CDF-Daai တပ်ဖွဲ့သည် ရွာသူ/သားများနှင့် ကျေးရွာလူကြီးများ၏ သဘောဆန္ဒမပါဘဲ ၎င်းတို့သဘောဆန္ဒဖြင့် အသက် ၁၈ နှစ်မပြည့်သေးသူများအပါအဝင် ကျောင်းတက်ရောက်နေကြသည့် ကျောင်းသူကျောင်းသားများကိုပါ တစ်အိမ်တစ်ယောက်နှုန်းဖြင့် အဓမ္မ စစ်မှုထမ်းရန်စာရင်းများ ကောက်ယူလျက်ရှိသည်။
“လူငယ်တွေ စစ်မှုထမ်းဖို့ ရွာသားတွေ၊ လူငယ်မိဘတွေကို CDF တွေက နည်းမျိုးစုံနဲ့ ဖိအားပေး ခြိမ်းခြောက်လာတယ်။ နောက်ဆုံး ကျောင်းသားတွေ၊ အသက်မပြည့်သေးတဲ့ လူတွေပါ ထည့်ပေး လိုက်ရတယ်။ ရွာမှာကျန်သေးတဲ့ လူငယ်တွေကို စာရင်းကောက်သွားသလို မိဘတွေကို စခန်း ခေါ်သွားပြီး ဖိအားပေးနေပါတယ်”ဟု ကန်ပက်လက်မြို့နယ်၊ မကွီရှစ်ရွာ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုကဲ့သို့ CDF-Daai ၏ ခြိမ်းခြောက်မှုများကြောင့် ရွာသား သုံး ဦးနှင့် Grade-12 ကျောင်းသူတစ်ဦးမှာ ကြောက်လန့်လွန်းသဖြင့် အရေးပေါ်ဆေးရုံတင်လိုက်ရသည့်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒိုင်ရ်ဒေသခံပြည်သူများက ထိုလုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ထားပြီးစစ်မှုထမ်းရန် အသက် ၁၈ နှစ်ပြည့်ပြီးသူနှင့် အခြေခံပညာ ပြီးမြောက်သူများကိုသာ သတ်မှတ်ရန်၊ Grade-12 ပြီးသူများအတွက် အဆင့်မြင့် ပညာသင်ယူခွင့် အာမခံချက်ပေးရန်နှင့် တစ်ဦးတည်းသော သား/သမီး၊ မုဆိုးဖို/မ များအား စောင့်ရှောက်နေသူများနှင့် နာမကျန်းသူများကို ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုထားသည်။
ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသရှိ ကျေးရွာတချို့တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းမှု နှင့်ပတ်သက်၍ CDF-Daai တာဝန်ရှိသူကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းထားသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
CDF-Daai ၏ အတင်းအဓမ္မ တပ်သားစုဆောင်းမှုမျိုးကို ဖေဖော်ဝါရီလဆန်းပိုင်းကလည်း မတူပီမြို့နယ် အတွင်းရှိ ဒိုင်ရ်ဒေသတွင် ပြုလုပ်ခဲ့သဖြင့် လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ-ပေးပို့