ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုများကြောင့် အမေရိကန် ပဲပုပ်စိုက် တောင်သူများ အထိနာနေချိန်တွင် အရှေ့တောင်အာရှဈေးကွက်သို့ တင်ပို့မှုတိုးမြှင့်ရန်အတွက် အမေရိကန် တင်ပို့ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ်တစ်ရပ်ကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်သည့် အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဝယ်ယူသူအဖြစ် လက်မှတ်ရေးထိုး ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်လယ်သမားများအတွက် ဈေးကွက်သစ် များ ဖော်ဆောင်ပေးသည့်အပြင် ဒေသတွင်း၌ ခိုင်မာသော ထောက်ပံ့ရေးကွင်းဆက် များနှင့် ရေရှည်စီးပွားရေး အဆက်အသွယ်များကို ပိုမိုအားကောင်းစေမည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီး ထုတ်လုပ်သူများနှင့် ဝယ်ယူသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည့် ကုန်သွယ်ရေးအစီအစဉ်များကို ကြိုဆိုကြောင်းလည်း သံရုံးက ဆိုသည်။
နိုင်ငံတကာသတင်းများအရ အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံက အမေရိကန်စိုက်ပျိုးရေးထွက်ကုန် ပဲပုပ်ဝယ်ယူမှုကို လျှော့ချလိုက်သဖြင့် အမေရိကန်က အာရှဒေသတွင်းရှိ ဈေး ကွက်အသစ်များသို့ ထိုးဖောက်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
ဓာတ်ပုံ – အမေရိကန်သံရုံး