ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဖေဖော်ဝါရီ ၂၅ ရက်

ကရင်နီပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေများကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ဘေးအန္တရာယ်ရှိသော အာဆင်းနစ် (Arsenic) အဆိပ်ပါဝင်မှုနှုန်း အဆမတန် မြင့်မား နေကြောင်း ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေများကို ဓာတ်ခွဲ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အာဆင်းနစ်အဆိပ်ပါဝင်မှုနှုန်းများပြားနေကြောင်းကို တွေ့ရှိခဲ့ရ ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထုတ်ပြန်ခဲ့သည်။

IEC နှင့် ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင် သုသေသနဌာန) တို့ပူးပေါင်း၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နေရာ ၁၀ ခုမှ ရေနမူနာများကို ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်များအရ သောက်သုံးရေတွင် ရှိသင့်သည့် အာဆင်းနစ်ပါဝင်မှုနှုန်၀.၀၁ မီလီဂရမ်(mg/L) ထက်ကျော်လွန်ကာ သံလွင်မြစ်ရေတွင် ၀.၀၄၂မှ ၀.၀၉၆(mg/L) အထိပါဝင်နေပြီး မိုလိုချောင်းတွင် ၀.၅၅၃(mg/L) အထိ ပါဝင်နေကြောင်း သိရသည်။

“ရေကဘယ်အချိန်ထဲကအဆိပ်အတောက်ဖြစ်နေလဲဆိုတာပြောရခက်တယ်။ ရှမ်းလူ့အခွင့်အရေး အဖွဲ့ ကလည်း သံလွင်ရဲ့အထက်ပိုင်းမှာ မြေရှားတွေ သတ္တုတူးဖော်မှုတွေ အများအပြားလုပ်တဲ့ဟာကိုလည်း အစီရင်ခံစာတစ်စောင်ထွက်ခဲ့ဖူးတယ်။ မိုလိုချောင်းက မော်ချီးအပေါ်ကနေ စီးဆင်းလာတယ် ဒါပေမဲ့ မော်ချီးဒေသကနေ ခဲတွင်းကရေနဲ့ပေါင်းပြီး ခဲမဖြူအောက်နားကနေတဆင့် သံလွင်မြစ်ထဲစီးသွားတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြစ်ချောင်းများအတွင်း အဆိပ်ရေပါဝင်မှု ၄ဆမှ ၅၅၃ ဆအထိ မြင့်တက်နေသည့်အတွက် အာဆင်းနစ် အဆိပ်သင့်ရေအား တိုက်ရိုက်သောက်သုံးခြင်း၊ ချက်ပြုတ်ရာတွင်အသုံးပြုခြင်း၊ စိုက်ပျိုးရေးတွင် အသုံးပြုခြင်းတို့ကို မပြုလုပ်ရန်နှင့် အဆိုပါရေများကို ကိုင်တွယ်ပြီးပါကလည်း သန့်စင်စွာ ဆေးကြောသင့်ကြောင်း IEC က သတိပေးထားသည်။

ထို့ပြင် အဆိပ်သင့်‌နေသည့် သံလွင်မြစ်အတွင်းမှ ရေနေသတ္တဝါများ(ငါးအမျိုးမျိုး၊ ခရု၊ ပုဇွန်၊ ပုဇွန်လုံး၊ လိပ်) တို့ကို ချက်ပြုတ် စားသောက်ခြင်းမပြုရန်နှင့် စားသောက်လိုပါက ဦးခေါင်းနှင့်ကလီစာများကို စားသုံးခြင်းမပြုရန်၊ မိုလိုချောင်းအတွင်းမှ မည်သည့်ရေနေသတ္တဝါများကိုမဆို လုံးဝ စားသောက်ခြင်း မပြုရန် လည်း သတိပေးထားသည်။

အဆိပ်သင့်မြစ်ရေများကို အသုံးပြုပါက မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး ရေရှည်တွင် အသည်း၊ အဆုတ်၊ ဆီးအိမ်၊ အရေပြား စသည့်ကင်ဆာ‌ရောဂါများ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ နှင့် အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာရောဂါများကြောင့် ကလေးသူငယ်များတွင် မှတ်ဉာဏ် ထိခိုက်စေခြင်းများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်