ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
အာရှတိုက်မှာ အကြီးဆုံးလို့ ဆိုနိုင်တဲ့ စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို နိုင်ငံပေါင်း ဒါဇင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်နေပါတယ်။
ဒါကတော့ နှစ်စဉ်ကျင်းပနေကျ “Cobra Gold” စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အမေရိကန်နဲ့ ထိုင်းနိုင်ငံ တို့က ပူးတွဲအိမ်ရှင်အဖြစ် ဆောင်ရွက်နေတာပါ။
ဒီစစ်ရေးလေ့ကျင့်မှုဟာ အခုနောက်ပိုင်း အင်အားကြီးထွားလာတဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းညှိဖို့နဲ့ အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ တည်ရှိမှုကို ဆက်ပြီး ထိန်းထားဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းပြည်နယ်မှာ ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားမှာ အ မေရိကန်သံအမတ်ကြီးက အခုလို အတူတကွ ပူးပေါင်းလုပ်ဆောင်တာဟာ မလိုလားအပ်တဲ့ ကျူးကျော် မှုတွေကို ဟန့်တားနိုင်မှာဖြစ်သလို၊ မိမိတို့နိုင်ငံတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ကာကွယ်နိုင်စွမ်းရှိ လာမယ်လို့ ပြောပါတယ်။
ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် ၈,၀၀၀ ကျော် ပါဝင်ဆင်နွှဲနေပြီး ဂျပန် နိုင်ငံဟာလည်း စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို ဒီလေ့ကျင့်မှုမှာ ပါဝင်ဖို့ စေလွှတ်ထားပါတယ်။
အမေရိကန် အမှတ် (၁) တပ်မတော် တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး မက်သရူးမက်ဖာလိန်းက “ကျွန်တော်တို့ အခုလို ဒီမှာရှိနေတာဟာ မဟာမိတ် ထိုင်းနိုင်ငံ အပါအဝင် တခြားမိတ်ဖက်နိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာကို ပြသနေတာဖြစ်သလို၊ အာရှ-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ လုံ ခြုံရေးအတွက် အလေးအနက်ထားတာကို သက်သေပြနေပါတယ်” လို့ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လေ့ကျင့်မှု တွေကိုပါ ထည့်သွင်းထားပြီး၊ ဒီအပိုင်းမှာ တရုတ်နိုင်ငံက ပါဝင်ဖို့ စီစဉ်ထားပြီး ဒီစစ်ရေးလေ့ကျင့်မှုဟာ မတ်လ ၆ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Thailand, US host multinational military drills