ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY- PDF) အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သည်အထိ ဦးလည်မသုန် တိုက်ပွဲဝင်မည်ဟု ကတိသစ္စာပြုကြောင်း ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် ငါး နှစ်ပြည့်တပ်မွေးနေ့တွင် ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်တွင် ”အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန် များကို ဆက်လက် ထမ်းဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုကြောင်း ဆိုသည်။

တော်လှန်ရေး တာဝန်များကို ဆက်လက် ထမ်းဆောင်လျက်ရှိသည့် MDY-PDF သည် နွေဦး တော်လှန်ရေးကာလတွင် ပြည်သူလူထုက ပေါက်ဖွားလာသည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင် တော်လှန်ရေး စတင်လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည့် ၂၀၂၁ ဖေဖေါ်ဝါရီ ၂၅ ရက်ကို အစွဲပြုကာ တပ်မွေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ယနေ့သည် MDY- PDF ၏ ငါးနှစ်ပြည့် တပ်မွေးနေ့ဖြစ်ကြောင်း သိရသည်။
MDY-PDF သည် ပြီးခဲ့သည့် နှစ်များအတွင်းက မန္တလေးမြို့နှင့် ၁၀ မိုင်ကျော်ရှိ စစ်တပ်၏ စခန်းများ အပါ အဝင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့တို့ကို မဟာမိတ် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
ဓာတ်ပုံ-MDY-PDF