ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

 

စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်း ဆောင် ဗိုလ်နဂါး(ခေါ်)နိုင်လင်း ကို မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်း၌ စစ်ကြောမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပုလဲမြို့နယ်၊ သေတ္တရာရွာမှတစ်ဆင့် စစ်ကော်မရှင်၏ ရဟတ်ယာဉ်နှစ်စင်းဖြင့် လိုက်ပါပူးပေါင်းသွားသည့် ဗိုလ်နဂါးကို စစ်ကော်မရှင်က နမခအတွင်းရှိ အမှတ် (၁၂) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၌ ထိန်းသိမ်းကာ စစ်ကြောရေးဝင်နေခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ဗိုလ်နဂါးနှင့်အတူ လိုက်ပါသွားသည့် ၎င်း၏ နောက်လိုက် လူရင်းများကိုလည်း နေရာသီးခြားစီခွဲ၍ ထိန်းသိမ်းထားကြောင်း သိရသည်။

 

ဗိုလ်နဂါးကို ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း မြေပြင်အခြေအနေတွင်မူ တော်လှန်ရေးအင်အားစုများအပေါ် မမှန်သတင်းများဖြန့်ဝေကာ စိတ်ဓာတ် စစ်ဆင်ရေး လုပ်ဆောင်ရန်အတွက်သာ အသုံးချဖွယ်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

 

“သူ့ကို ပြည်သူ့စစ်ပြန်ခန့်ဖို့ကတော့ နည်းပါတယ်။ နဂိုကတည်းက သူက စစ်တိုက်တာထက် အလှူငွေကိစ္စတွေနဲ့ အပြောသန်တဲ့သူ ဖြစ်နေတော့ တော်လှန်ရေးမကောင်းကြောင်း၊ စစ်တပ်ကောင်း ကြောင်း တွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခိုင်းဖို့ပဲ ရှိပါတယ်။ တိုက်ခိုက်ရေးသမားမဟုတ်ဘဲ အာသမားမို့ အာနဲ့ပဲ ပြန်တိုက်ခိုင်းလိမ့်မယ်လို့ မှန်းဆရတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဗိုလ်နဂါးသည် BNRA တပ်ဖွဲ့အတွင်းရှိ လူသတ်မှု၊ မုဒိမ်းမှုများနှင့် ပတ်သက်၍ NUG က အရေးယူရန် ကြိုးပမ်းချိန်တွင် စတင်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက် တိုက်ပွဲအပြီးနောက်တစ်ရက်တွင် ဗိုလ်နဂါးသည် ၎င်း၏ ဇနီးနှစ်ဦး၊ ကလေးငယ်များနှင့်အတူ အရေးကြီးသည့် ဘဏ္ဍာရေးမှူးအပါအဝင် ခေါင်းဆောင်ပိုင်းအချို့ကိုပါ ခေါ်ဆောင်ကာ စစ်ကော်မရှင်နှင့် ပူးပေါင်းသွားခဲ့ခြင်း ဖြစ်သည်။

 

ဗိုလ်နဂါး ပူးပေါင်းသွားပြီးနောက် လက်ရှိတွင် စစ်ကော်မရှင်တပ်က ပုလဲနယ်အတွင်းသို့ စစ်ကြောင်း ထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာသည်။ ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ဝင်အချို့မှာ NUG နှင့် လာရောက်ပူးပေါင်းမှုများ ရှိသော်လည်း အချို့မှာ စစ်ကော်မရှင်ထံ လိုက်ပါသွားကြောင်း သိရသည်။