ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို အဆုံးသတ်နိုင်ရေး အင်ဒိုနီးရှားနိုင်ငံက တက်ကြွစွာ ပါဝင် ကူညီမယ်လို့ ပြောပါတယ်။
ပါလက်စတိုင်းနိုင်ငံ လွတ်လပ်ရေးရရှိဖို့အတွက် ခိုင်ခိုင်မာမာ ဆက်ပြီး ထောက်ခံသွားမှာဖြစ်သလို မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ပြေလည်သွားဖို့အတွက်လည်း အင်ဒိုနီးရှားက အင်တိုက်အားတိုက် ပါဝင်ဖြေရှင်းပေးမယ်လို့ ၎င်းက ကတိပြုပါတယ်။
တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တော်မှာကျင်းပတဲ့ ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အ ခွင့်အရေးကောင်စီ (UNHRC) အစည်းအဝေးမှာ သူက အခုလို မိန့်ခွန်းပြောခဲ့တာပါ။
ဆူဂီယိုနိုက အာဆီယံအတွင်း အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်ကိုလည်း အလေးပေးပြောခဲ့ပြီး မြန်မာ ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထိထိရောက် ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဆက်ပြီး တွန်းအားပေးမယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှဒေသမှာ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့အတွက် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် (AICHR) ကို ပိုပြီး အားကောင်းလာအောင် လုပ် ဆောင်မယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာတဝှမ်းက ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေအပေါ် စိုးရိမ်ကြောင်း၊ ဒီ လိုစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ဆိုရင် ဘက်မလိုက်ဘဲ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။
“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့ဆိုတာ ကျွန်တော် တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်” လို့ ၎င်းက ဆိုပါတယ်။
အရေးကြီးတဲ့ အချက်တစ်ခုမှာ ပဋိပက္ခတွေကို ရေရှည်တည်တံ့အောင် ဖြေရှင်းတဲ့နေရာမှာ အ တင်းအကျပ် ဖိအားပေးလို့ မရဘဲ အပြန်အလှန် လေးစားမှုနဲ့ ယုံကြည်မှုအပေါ်မှာပဲ တည်ဆောက်ရမယ် လို့ သူက ပြောပါတယ်။
၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHRC) အစည်းအဝေးဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ်လ ၃၁ ရက်နေ့အထိ ကြာမြင့်မယ်လို့ သိရပါတယ်။
ကိုးကား – Antara News
Ref; Indonesia pushes for peace in Palestine and Myanmar