ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
အထူးတိုင်းစစ်ဌာနမှ တပ်ရင်း သုံးရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းစံပြုတည်မြဲအမိန့်နှင့်အညီ ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း အသိ ပေးထုတ်ပြန်သည်။
အခူးတိုင်းစစ်ဌာနမှ အမှတ် (၈၀၀၂) တပ်ရင်း – KANBAUK DEFENCE FORCE၊ အမှတ် (၈၀၀၃) တပ်ရင်းနှင့် အမှတ် (၉၉၂၅) တပ်ရင်း – RANGOON WARRIORS PDF တပ်ရင်း သုံးရင်းကို ထပ်တိုးဖွဲ့စည်းအတည်ပြုကြောင်း ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်မှ ၂၀၂၅ခုနှစ် ဧပြီလက အထူးတိုင်းစစ်ဌာနအား ဖွဲ့စည်းအတည်ပြုခဲ့ပြီး အထူးတိုင်းစစ်ဌာန စတင်ဖွဲ့စည်းချိန်တွင် တိုင်းစစ်ဌာနအောက် နည်းဗျူဟာ ငါးခုရှိကာ တရားဝင် ကွပ်ကဲမှုခံယူထားသည့် တိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်းနှင့် ဒရုန်းလက်ရုံးတပ်ဖွဲ့ ငါးဖွဲ့ ရှိကြောင်း သိရသည်။
တိုင်းစစ်ဌာနအနေဖြင့် MOD စစ်ရုံးချုပ်နှင့် အမှတ်(၁) စစ်ဆင်ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ ကွပ်ကဲမှုအောက်တွင် COC နှစ်ရပ်နှင့်အညီ ခိုင်မာတောင့်တင်းသော တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့လေ့ကျင့်လျှက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲ့များကို ပထမဦးဆုံးစနစ်တကျစုစည်း၍ တိုက်ခိုက်ရေးစစ်ကြောင်း သုံးကြောင်း ဖွဲ့စည်းနိုင်ခဲ့ပြီး အမှတ် (၈၀၀၁) တပ်ရင်းနှင့် အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ကိုလည်း ထပ်တိုး ဖွဲ့စည်းနိုင်ခဲ့သည်ကြောင်း သိရသည်။