ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၇ သေဆုံးပြီး ၁၄ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA ကသတင်းထုတ်ပြန်ထားသည်။

 

စစ်ဘေးရှောင်များနေထိုင်သည့် ယိုးငူရွာ ဈေးအနီးနှင့် တာဝါတိုင်အနီးကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လည် နှစ်နာရီခန့်တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ယိုးငူကိုဗုံးကြဲတာ ဈေးနားကိုကျလို့ ၁၀ ယောက်ကျော်သေပြီးနေပြီ။ ထပ်ထွက်လာနိုင်သေးတယ်။ ဒဏ်ရာရတဲ့သူလည်း ၁၀ ယောက်ကျော်တယ်”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

သေဆုံးသူများတွင် ကလေးငယ်များနှင့် အမျိုး သမီးများ ပါဝင်နေပြီး ပေါင် ၃၀၀ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ်တွင် စစ်ကော်မရှင်နှင့် AA တို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်လာချိန်တွင် စစ်ကော်မရှင်က စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လိုက်ခြင်းဖြစ်သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ယိုးငူရွာဗုံးကြဲတိုက်ခိုက်ခံထားရစဉ်