ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
ရန်ကုန်မြို့အခြေစိုက် နော့ဒစ် (Nordic) အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် ဖင်လန်နိုင်ငံသံရုံးကို ယခု ဖေဖော်ဝါရီလကုန်တွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည်။
ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစတင်ကာ ပိတ်သိမ်းမည်ဖြစ်ပြီး ၎င်းတို့၏ ကောင်စစ်ဝန်ဆောင်မှုများဖြစ်သည့် နိုင်ငံကူးလက်မှတ် (Passport)၊ နေထိုင်ခွင့်လျှောက်လွှာနှင့် နိုတြီထောက်ခံချက်ဆိုင်ရာ ကောင်စစ်လုပ်ငန်းအားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးက ပြောင်းလဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဗီဇာနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများကိုမူ ရန်ကုန်ရှိ ဂျာမနီသံရုံးက ကိုယ်စားပြု လုပ်ဆောင် ပေးမည်ဖြစ်ပြီး အခြားသော ကိစ္စရပ်များအတွက် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် အရှေ့တောင်အာရှဆိုင်ရာဌာနသို့ ဆက်သွယ်နိုင်ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေ အနေများ ဆိုးရွားလာသဖြင့် အနောက်နိုင်ငံများက သံတမန်အဆင့် လျှော့ချဆက်ဆံခြင်းနှင့် သံရုံးများ ပိတ်သိမ်းခြင်းတို့ကို လုပ်ဆောင်လာကြရာ နော့ဒစ်အဖွဲ့ဝင်ဖြစ်သည့် ဒိန်းမတ်သံရုံးကလည်း လာမည့်နှစ်ကုန်တွင် မြန်မာ နိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာထားပြီး ဖြစ်သည်။
လက်ရှိတွင် ဖင်လန်သံရုံး ပိတ်သိမ်းလိုက်ခြင်းကြောင့် မြန်မာပြည်သူများအနေဖြင့် ဖင်လန်နိုင်ငံသို့ သွားရောက်ရန်နှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် ဘန်ကောက်မြို့ရှိ သံရုံးသို့သာ အဓိက အားထား ဆောင်ရွက်ရတော့မည်ဖြစ်သည်။