ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၀ ရက်အတွင်း စစ်ကော် မရှင်လက်အောက်ခံ တပ်သား ၁၉ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) ထုတ်ပြန်ချက်အရ သိရသည်။

 

အလင်းဝင်လာသည့် တပ်သားအများစုမှာ စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ် စုဆောင်းခံထားရသူများဖြစ်ကြောင်းလည်း သိရသည်။

ရွှေကျင်အခြေစိုက် ခမရ-၅၉၈ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၆) သင်တန်းဆင်းများ ဖြစ်သည့် မောင်မျိုး၀င်းဇော်၊ သန်းဌေးအောင်၊ ကျော်လင်းထက်၊ ရဲကျော်သူ၀င်း၊ တင်မောင်မြင့်၊ ဖိုးသား တို့ ခြောက်ဦး မှာပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ တပ်ရင်း-၉ ထံ အလင်း၀င်ခဲ့ကြောင်း သိရသည်။

 

 

“ပစ(စစ်မှုထမ်းတပ်သား)တွေထွက်ပြေးတာ။ ကျောက်ကြီးကနေ ဖာပွန်လမ်းကြောင်းကို စစ်အင်အား တွေပို့ဖို့ရှိတယ်လေ။ အဲ့ဒီတပ်တွေကနေထွက်ပြေးတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ခမရ-၄၃၉ တပ်ရင်းမှ စစ်မှုထမ်း အမှတ်စဥ် (၁၃) နှင့် (၁၅) မှ တပ်သားသစ်များဖြစ်သည့် မောင်သက်လွင်စိုး၊ မောင်သက်လွင်ဦး၊ မောင်ချစ် မောင်မောင်၊ မောင်ချစ်ဝေဖြိုး တို့မှာ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်ရင်း-၃ ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းရန် စေခိုင်းခြင်းခံထားရသည့် ခလရ-၄၃၉ တပ်ရင်းမှ ကျော်ဇေယျ၊ သက်ပိုင်စိုး၊ စောကာဘီ၊ မင်းထက်၊ အောင်စိုးဝင်း၊ ခလရ-၅၉၈ တပ်ရင်းမှ ကိုမျိုး၊ ခလရ-၆၀ တပ်ရင်းမှ ဝင်းမြထူး၊ ခလရ-၃၅၁ တပ်ရင်းမှ အာကာကျော်ဝင်း၊ ခမရ-၅၃ တပ်ရင်းမှ အောင်မင်းစိုး တို့မှာလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က KNDO တပ်ရင်း-၃ ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

 

အလင်းဝင်ရောက်လာသည့် တပ်သားများကို KNU မှ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး စစ်တပ် အတွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့်လည်း နီးစပ်ရာတော်လှန်ရေး တပ်ဖွဲ့များ ထံသို့ အလင်း၀င်ရောက်ကြရန် KNU က အသိပေး တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – KNU