ရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

အာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံတကာနှင့် ပြည်သူလူထုက လက်ခံခြင်းမရှိသည့် ၂၀၂၅-၂၀၂၆ အတု အယောင် ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရ ၎င်းတို့၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီဖြင့် အစိုးရ ဖွဲ့မည်ဖြစ်၍ လွှတ်တော်အစည်းအဝေးများ ခေါ်ယူသွားရန်အတွက် နေ့ရက်‌သတ်မှတ် ကြေညာလိုက် ကြောင်း သိရသည်။

လွှတ်တော်သုံးရပ်ဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ် လွှတ်တော် များကို တတိယအကြိမ်အဖြစ် ယခုလာမည့် မတ်လ၌ ပထမပုံမှန်အစည်းအဝေးများ ခေါ်ယူကျင်းပသွား မည်ဟု စစ်ကော်မရှင်က ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်အရ လူမစုံတော့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အဖွဲ့ဝင် အမည်ခံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦတီခွန်မြတ်က မတ်လ ၁၆ ရက်တွင် ပြည်သူ့လွှ တ်တော် ခေါ်ယူမည်ဟု လက်ရေးထိုး ထုတ်ပြန်ထားသည်။

ထို့အပြင် အမျိုးသား၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်များအတွက် စစ်ခေါင်းဆောင် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းထားသော ကာ/လုံ၏ စစ်ကော်မရှင်အမှုဆောင်ချုပ် အောင်လင်းဒွေးကလည်း မတ်လ ၁၈ ရက်နှင့် ၂၀ ရက်၌ ခေါ်ယူမည်ဟု ‌လက်ရေးထိုး ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စု အလိုကျ တစ်ဖတ်သတ် ရေးဆွဲပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများ ပြုလုပ်၍ လွှတ်တော်ခေါ်ယူမှုသည် လက်ရှိထိ လေးကြိမ်တိုင် ရှိပြီဖြစ်သော်လည်း ၂၀၂၀ ရလဒ်ကို ပယ်ဖျယ်ထားခြင်းဖြစ်သည်။

ယင်းအတူ စစ်ကော်မရှင် ပြုလုပ်မည့် တတိယအကြိမ် လွှတ်တော်များတွင်လည်း ၎င်းတို့လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှ အနိုင်ရအမတ် ၃၃၉ ဦးဖြင့် အများဆုံး နေရာယူမည်ဖြစ်သလို ရွေးကောက်ခံ မဟုတ်သော တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ရှိမည်ဖြစ်သည်။