‎‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂၃ ရက်

‎‎ရခိုင်ပြည်နယ် စစ်တွေမြို့နှင့်အနီးတွင် စစ်ကော်မရှင်နှင့် AAတို့၏ အပြန်အလှန်ပစ်ခတ်သံများပြန်လည်ကြားလာရကြောင်း သိရသည်။

‎‎ယနေ့ ဖေဖော်ဝါရီ ၂၃ရက် နေ့လယ်ပိုင်းအချိန်ထိ စစ်တွေမြို့အနီး မှန်စီကျေးရွာဘက်မှ ပစ်ခတ်သံများထွက်ပေါ်လာပြီး ဒရုန်းပစ်ခတ်မှုများပါရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎‎”စစ်တပ်ဆေးရုံနဲ့နီးတဲ့ရွာတွေကို ပစ်ကွင်းရှင်းတယ်ဆိုပြီး မီးရှို့တယ်။ ပစ်ခတ်သံတွေကတော့ ဒီရက်ပိုင်း ပြန်ကြားရတယ်။ မြို့ပြင်ဘက်လောက်ကပေါ့”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎‎အမြင့်ကျွန်း၊ ဝါဘိုနှင့် ပါဒလိတ်ဘက်တွင် လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်နီးပါးရှိနေပြီး ယခုရက်ပိုင်းအတွင်းမြို့နှင့်ပိုမိုနီးကပ်လာကြောင်း သိရသည်။

‎စစ်ကော်မရှင်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် သင်ပုန်းတန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၃လုံးခန့် မီးလောင်ကျွမ်းသွားခဲ့သည်။

‎စစ်ဆေးရုံနှင့်အနီးတဝိုက်ရှိ မောင်နီပြင်၊ အောင်တိုင်၊ ပလ္လင်ပြင်၊ ပျားလည်ချောင်း၊ ရေချမ်းပြင်စသည့်ကျေးရွာများမှ ဒေသခံများကို စစ်တွေမြို့အတွင်းကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းထားပြီး ကျေးရွာအချို့တွင် ကာကင်းစခန်းများထားသည်ဟု သိရသည်။

‎စစ်တွေမြို့အဝင်အထွက်ကို စစ်ကော်မရှင်က မိုင်းများခင်းထားပြီး ကမ်းနားတစ်လျှောက်ခြံစည်းရိုးခတ်ကာ လုံခြုံရေးတင်းကြပ်ထားသည်။