ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ မက္ကဆီကိုအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်လာနေချိန် မက္ကဆီကိုရဲ့ စစ်ဆင်ရေးတစ် ခုအတွင်း မူးယစ်ရာဇာတစ်ဦး သေဆုံးသွားခဲ့ကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က မက္ကဆီကိုရဲ့ လက်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေအပေါ် အားမလိုအားမရ ဖြစ်နေပြီး ပိုမိုအားကောင်းတဲ့ အရေးယူမှုတွေလုပ်ဖို့ တိုက်တွန်းနေပြီး လိုအပ်လာရင် အမေရိကန်အနေနဲ့ စစ်ရေးအရ အင်အားသုံးဖို့အထိပါ ထည့်သွင်းစဉ်းစားသွားမယ်လို့ အရိပ်အမြွက် ပြော ကြားထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အနောက်ပိုင်း ဂျာလစ်စကိုပြည်နယ်အတွင်းမှာ အကြီးဆုံး မူးယစ်ဂိုဏ်း တွေထဲက တစ်ခုရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ကြောင်း မက္ကဆီကို ကာကွယ် ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါ မူးယစ်ဂိုဏ်းချုပ်ဟာ စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံး သွားခဲ့တာ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေး အောင်မြင်ဖို့ အမေရိကန်က ပံ့ပိုးပေးတဲ့ သတင်းအချက်အလက်တွေကလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဝန်ကြီးဌာနက မှတ်ချက်ပြုပါတယ်။

အမေရိကန်အစိုးရဟာ အဆိုပါမူးယစ်ဂိုဏ်းချုပ်ကို ဖမ်းဆီးနိုင်မယ့် သတင်းအချက်အလက် ပေး နိုင်သူကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ပေးအပ်မယ်လို့ ကမ်းလှမ်းထားခဲ့တာပါ။

သူသေဆုံးသွားပြီးနောက်မှာတော့ လက်တုံ့ပြန်တဲ့ အကြမ်းဖက်မှုတွေ လှိုင်းလုံးတစ်ခုလို ဖြစ်ပေါ် လာခဲ့ပြီး ဂျာလစ်စကိုပြည်နယ်နဲ့ တခြားပြည်နယ်တွေမှာ မူးယစ်ဂိုဏ်းတွေက ယာဉ်တွေကို မီးရှို့တာနဲ့ လမ်းပိတ်ဆို့တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ လုံခြုံရေးသတိပေး ချက် ထုတ်ပြန်ခဲ့ပြီး၊ အခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခြင်း မရှိသေးခင်မှာ မက္ကဆီကိုရောက် အမေ ရိကန်နိုင်ငံသားတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကိုးကား – NHK
Ref; Mexican drug lord killed in military raid supported by US intelligence