ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
စစ်ကော်မရှင်၏ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်သော သင်္ဘောများနှင့် ကုမ္ပဏီ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချက်ချင်းချမှတ်ပေးရန် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် Justice For Myanmar(JFM) က တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှုများကို အသေအချာတားမြစ်ပိတ်ပင်ရန်အတွက် အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန် ပြည်ထောင်စုနှင့် ဩစတေးလျနိုင်ငံများရှိ အစိုးရတို့ကို JFM က တောင်းဆို လိုက်ခြင်းဖြစ်သည်။
အနောက်နိုင်ငံ အစိုးရများအနေဖြင့် ထောက်ပံ့ရေးကွင်းဆက်၏ အဓိကအင်အားများဖြစ်သော သင်္ဘောများ၊ သင်္ဘောပိုင်ရှင်များ၊ စီးပွားရေးနှင့်အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှု (ISM) မန်နေဂျာအဖွဲ့များ၊ လေယာဉ်ဆီသိုလှောင်ဆိပ်ကမ်းနှင့် စစ်အုပ်စုတရားမဝင်ထိန်းချုပ်ထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပေးရန် ထုတ်ပြန်လိုက်သည်။
စစ်ကော်မရှင်ထံသို့ လေယာဉ်ဆီ ရောက်ရှိရေး ကွင်းဆက်တွင် မာရှယ်ကျွန်းစု၊ ယူအေအီးနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအခြေစိုက်ဆိပ်ကမ်းများနှင့် သင်္ဘောကုမ္ပဏီပိုင်ရှင်များ ပါဝင်ကြောင်းသိရသည်။
“ ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုက မြန်မာစစ်တပ်ရဲ့ နိုင်ငံ တကာရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးနေပြီး မြန်မာပြည်သူတွေကို လေကြောင်းတိုက်ခိုက် မှုတွေနဲ့ အကြမ်း ဖက်နိုင်ဖို့ အားပေးကူညီနေပါတယ်။ ဗီယက်နမ် ပါဝင်ပတ်သက်နေမှုကလည်း အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
စစ်လေယာဉ်များသည် လေယာဉ်ဆီရရှိမှုကြောင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ပြီး မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုကူညီအားပေးရာရောက်သဖြင့် ကွင်းဆက်အတွင်းပါဝင်သူ နိုင်ငံအသီးသီးကိုပိတ်ဆို့အရေးယူရန် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း JFM က တောင်းဆို ထားသည်။
စစ်အုပ်စု၏ တရားမဝင်ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် အချက် အလက်များအရ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မတ်ထရစ်တန် ၆၄,၅၆၂ မှ ၁၀၆,၆၀၄ အထိ ရှိလာခဲ့ပြီး နှစ်ဆနီးပါး တိုးလာခဲ့ကြောင်းပါဝင်သည်။
ဥရောပသမဂ္ဂ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နှင့် သြစတြေးလျ အစိုးရများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော် လည်း စစ်အုပ်စုနှင့် ၎င်းတို့ကို ပံ့ပိုးကူညီနေသူများသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန်နှင့် လေယာဉ်ဆီတင်ပို့မှုများကို ဖုံးကွယ်ရန် နည်းလမ်းအသစ်များကို အသုံးပြုလာကြောင်း JFM က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – JFM