ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ- ငသိုင်းချောင်းလမ်း၊ မြောက်စမ်းရွာရှိ အမြောက်တပ် အမတ ၃၄၄ အနီး စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
အမြောက်တပ် ၃၄၄အတွင်း ကျုံပျော် ခလရ ၃၆မှ အင်အားအချို့ကို စစ်ကူပို့ထားရပြီး ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်က ကားများဖြင့် သယ်ထုတ်နေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”အမြောက်တပ်ထဲ လက်နက်ကြီးနဲ့အပစ်ခံထိတယ်ပြောတယ်။ စစ်သားတွေကို ကားနဲ့သယ်ထုတ်တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် အမြောက်တပ်အနီးတဝိုက်ကို စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းနှင့် ပါရာမော်တာများသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အမြောက်တပ်နှင့် နယ်မြေဆက်နေသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ်စသည့်ကျေးရွာများတွင်လည်း ပစ်ခတ်သံများကြရသည်ဟု ဒေသခံများထံမှ သိရသည်။
သီတာကုန်းပြင်ရှိ တော်လှန်ရေးတပ်များ၏ ခြေကုတ်စခန်း တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ကော်မရှင်စစ်ကြောင်းမှာ တိုက်စစ်အသွင်ဆောင်သည့် ခံစစ်အနေအထားပြန်လည်ရောက်ရှိနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်နေ့မှစကာ အမြောက်တပ်အနီးတိုက်ပွဲများ ပြင်းထန်လာပြီး ရေကြည်၊ လေးမျက်နှာအစပ်ရှိ ချင်းလယ်ရွာအနီး တော်လှန်ရေး စခန်းငယ်တစ်ခုကို ခလရ ၁၄၏ စစ်ကြောင်းများ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- စစ်ကော်မရှင်တပ်စစ်ကား ပုံဟောင်းဖြစ်သည်။