ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ ကျားဥယျာဉ်များတွင် နှစ်ပတ်အတွင်း ကျားအကောင်ရေ ၇၂ ကောင်အထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုသည် ခွေးများတွင် ဖြစ်လေ့ရှိသည့် ဗိုင်းရပ်စ်ရောဂါပိုး (Canine Distemper Virus – CDV) နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားပိုး (Mycoplasma spp) တို့ကြောင့် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သေဆုံးခဲ့သည့် ကျားများအနက် Mae Taeng တိရစ္ဆာန်ရုံမှ ၅၁ ကောင်နှင့် Mae Rim တိရစ္ဆာန်ရုံမှ ၂၁ ကောင် ပါဝင်ပြီး လက်ရှိတွင် ကျားအကောင်ရေ ၁၂၄ ကောင် ကျန်ရှိနေသေးကာ ရောဂါကူးစက်မှု ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရသည့် ကျားများသည် CDV ဗိုင်းရပ်စ်နှင့် Mycoplasma ဘက်တီးရီးယားတို့ကြောင့် ပြင်းထန်သည့် အဆုတ်ရောင်ရောဂါ ခံစားခဲ့ရသည့်အပြင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အာရုံကြောစနစ်များအထိ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးများသည် လူသားများထံ ကူးစက်နိုင်ခြင်းမရှိကြောင်း ထိုင်းအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သော်လည်း ကျားများနှင့် နီးကပ်စွာ ထိတွေ့ခဲ့သူ ဝန်ထမ်း ၁၀၈ ဦးကိုမူ ၂၁ ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ပုံမှန်မဟုတ်သည့် ရောဂါလက္ခဏာများ တွေ့ရှိရခြင်း မရှိသေးပေ။

ကျားများသည် ကာကွယ်ထားရသည့် တောရိုင်းတိရစ္ဆာန်များ ဖြစ်သည့် အတွက် ကျားတစ်ကောင်ချင်း စီတွင် မိုက်ခရိုချစ်ပ်ပြားများ ထည့်သွင်းထားပြီး သေဆုံးခဲ့သည့် ကျားများ၏ အစိတ်အပိုင်းများကို မသမာသည့်နည်းလမ်းဖြင့် အသုံးပြုမှုမရှိစေရန်အတွက် အာဏာပိုင်များက မီးရှို့ဖျက်ဆီးပြီးမှ မြှုပ်နှံခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျားဥယျာဉ်များရှိ ဖျားနာနေသည့် ကျားများကို သီးသန့်ခွဲထုတ် ကုသပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် နေထိုင်ရာ ခြံဝင်းအတွင်း ပိုးသတ်သန့်ရှင်းရေးလုပ်ခြင်း စသည့် ရောဂါထိန်းချုပ်ရေး အစီအမံများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။
ကိုးကား – The Nation Thailand