ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစွန်းရောက်ရန်သူတွေကို စုပေါင်းပြီး တုံ့ပြန်ဖို့ အရှေ့အလယ်ပိုင်းဒေသနဲ့ အနီးတဝိုက်မှာရှိတဲ့ နိုင်ငံတွေနဲ့ စုပေါင်းပြီး မဟာမိတ်ကွန်ရက်တစ်ခု တည် ဆောက်ဖို့ စီစဉ်နေတယ်လို့ ကြေညာလိုက်ပါတယ်။

နေတန်ယာဟုက ဒီအကြောင်းကို တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး မကြာခင် အစ္စရေးနိုင်ငံ ကို လာရောက်မယ့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ခရီးစဉ်အကြောင်းကိုလည်း ပြောဆိုခဲ့ပြီး အိန္ဒိယ နိုင်ငံဟာ အစ္စရေးနဲ့ အမြင်ချင်းတူတဲ့ နိုင်ငံများဝင်ရိုးထဲမှာ ပါဝင်လာလိမ့်မယ်လို့ ဆိုပါတယ်။

စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဖမ်းဝ ရမ်းအထုတ်ခံထားရတဲ့ နေတန်ယာဟုက ဂရိ၊ ဆိုက်ပရပ်စ်တို့အပြင် အမည်ထုတ်ဖော်မပြောသေးတဲ့ အာ ရပ်၊ အာဖရိကနဲ့ အာရှနိုင်ငံတချို့ကိုလည်း မဟာမိတ်တွေအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

“ကျွန်တော့် မျှော်မှန်းချက်အရဆိုရင် အရှေ့အလယ်ပိုင်းတဝိုက်မှာ ဒါမှမဟုတ် အရှေ့အလယ်ပိုင်း ထဲမှာ မဟာမိတ်တွေ စုပေါင်းထားတဲ့ ဆဋ္ဌဂံပုံစံ ကွန်ရက်တစ်ခုကို တည်ဆောက်သွားမှာပါ” လို့ နေတန် ယာဟုက ပြောဆိုခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အိန္ဒိယနဲ့ အစ္စရေးကြားက ခိုင်မာတဲ့ ဆက်နွှယ်မှုအပြင် ကဏ္ဍစုံမှာရှိတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး နေတန်ယာဟုရဲ့ အမြင်ကို အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါ တယ်။

“ယုံကြည်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုအတွက် အတူတကွ ကတိကဝတ်ပြု ထားတဲ့ အစ္စရေးနဲ့ ခိုင်မြဲတဲ့ ချစ်ကြည်ရေးကို အိန္ဒိယအနေနဲ့ အလေးအနက် တန်ဖိုးထားပါတယ်” လို့ မိုဒီ က X မှာ ရေးသားခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာစစ်ပွဲစတင်ကတည်းက တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ အပါအဝင် အီရန်ဦးဆောင်တဲ့ တော်လှန်ရေးဝင်ရိုးတန်းအဖွဲ့တွေဟာ အားနည်းလာခဲ့ပါတယ်။

ဇွန်လအတွင်းကလည်း အစ္စရေးနဲ့ အီရန်တို့ဟာ ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီစစ်ပွဲမှာ အမေ ရိကန်စစ်တပ်ကလည်း ပါဝင်ပြီး အီရန်ရဲ့ နျူကလီးယားစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာမှာ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားနေတာကြောင့် ဆူနီမူဆလင် အများစုနေထိုင်တဲ့ နိုင်ငံအ တော်များများနဲ့ အစ္စရေးကြား ဆက်ဆံရေးကလည်း ဆိုးရွားနေပါတယ်။

အဲဒီအထဲမှာ နေတန်ယာဟုကို ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ သမ္မတ အာဒိုဂန်ရဲ့ တူရကီနိုင်ငံနဲ့၊ အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့လည်း ပါ ဝင်နေပါတယ်။

ကိုးကား – Aljazeera
Ref; Netanyahu says Israel will forge regional alliance to rival ‘radical axes’