ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ နယ်ထိန်းတပ်ဖွဲ့ဝင်များက စစ်တပ် သတင်းပေး (ဒလန်) များအား ရဲအယောင်ဆောင်ခိုင်းပြီး မြို့ခံများနှင့် လမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ကမာရွတ် (၃) ရပ်ကွက်ရှိ စစ်ကော်မရှင်လက်အောက်ခံ နယ်ထိန်း စိုးမင်းပိုင်အဖွဲ့သည် ရဲအယောင် ဆောင် ကိုကုလားကြီး ဆိုသူအပါအဝင် ရပ်ကွက်အတွင်းရှိ လူမိုက်အချို့ကို အသုံးချကာ ယခုကဲ့သို့ ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“ဒီလိုဖမ်းနေတဲ့ကောင်တွေက ရပ်ကွက်မှာ ဆေးရောင်းတဲ့လူတွေ၊ ဖဲဒိုင်၊ လောင်းကစား ဒိုင်ဆီကပိုက်ဆံ ယူနေတဲ့သူတွေ။ သူတို့အကြောင်းမေးလိုက်ရင် စခန်းထဲက လူတွေ အကုန်သိပါတယ်။ ရပ်ကွက်က လူမိုက်လိုလိုကောင်တွေကို ရဲက ခိုင်းစားနေကြတာပါ”ဟု ကမာရွတ်ရပ်ကွက်ရှိ ‌‌မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူများကိုလည်း ပုဒ်မအမျိုးမျိုးတပ်မည်ဟု ခြိမ်းခြောက်ကာ တစ်ဦးလျှင် ကျပ် ခြောက်သိန်းဝန်းကျင်အထိ ပေးဆောင်မှသာ ပြန်လွှတ်ပေးလေ့ရှိကြောင်း ဖမ်းဆီးခံခဲ့ရသူအချို့က ဆိုသည်။ အထူးသဖြင့် ည ၈ နာရီနောက်ပိုင်း အလုပ်ပြန်ချိန်တွင် ဘီယာ သို့မဟုတ် အရက် ဝယ်ယူလာသူများကို ပစ်မှတ်ထားကာ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးငွေညှစ်နေခြင်းဖြစ်သည်။

ထို့ပြင် ကမာရွတ် (၃) ရပ်ကွက်သည် စစ်ကော်မရှင်သတင်းပေးများ၊ ဘေးတွဲဆိုက်ကားသမား အယောင် ဆောင် ဒလန်များအပြင် ပေါ်တာဆွဲရာတွင် ပါဝင်သည့် ရပ်ကွက်ဇိုး နှင့် ပျူစောထီးများ ပေါများသည့်နေရာလည်း ဖြစ် ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။