ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် အလယ်ပိုင်းသို့ ရောက်ရှိချိန်တွင် လေဖိအားနည်းဝန်းအဖြစ် အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပြီး၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ကြိုတင်သတိပြုနိုင်ရန်လည်း အသိပေးထားသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်၊ တပ်ကုန်း၊ ဒက္ခိဏသီရိနှင့် လယ်ဝေးမြို့နယ်တို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်စုစုပေါင်း ၄၀၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – မိုး/ဇလ၊ MFS