ဧရာ၀တီတိုင်းမ်
(တောင်ငူ) ဖေဖော်ဝါရီ ၂၃ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့ (၁၈) ရပ်ကွက်ရှိ ကျုံးပတ်လမ်းနှင့် အသစ်ဖောက်လုပ်နေသည့် ဘူတာရုံသစ်ကို ဆက်သွယ်ထားသော ကုန်ထုတ်လမ်းဘေးရှိ လယ်မြေများအား ဌာနဆိုင်ရာများနှင့်ပေါင်း၍ ကျောက်တိုင်စိုက် အကွက်ရိုက်ရောင်းချထားမှုများကို စစ်ကော်မရှင်က လာရောက်ဖယ်ရှားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက သေနတ်များကိုင်ဆောင်ထားသော စစ်ကော်မရှင် တပ်သားများနှင့် ဘက်ဟိုး (Backhoe) စက်များသည် ကျောက်တိုင်စိုက် အကွက်ရိုက်ရောင်းချ ထားသည့် နေရာများသို့ ရောက်ရှိလာပြီး မြေကွက်များပေါ်ရှိ ခြံစည်းရိုးကျောက်တိုင်များကို အင်အားသုံး ရှင်းလင်းသွားခဲ့ခြင်းဖြစ် သည်။

“အောက်ခြေဌာနဆိုင်ရာတွေနဲ့ပေါင်းပြီး လယ်မြေတွေကို ဂရံထုတ်ပြီး ရောင်းစားနေကြတာ။ အဲဒါကို မသိဘဲ ဝယ်လိုက်မိတဲ့သူတွေ အများကြီးပဲ။ အခု အထက်ကသိသွားပြီး လက်မခံတော့ ကျောက်တိုင် တွေ လာနုတ်သွားကြတာ” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

 

အဆိုပါမြေကွက်များသည် အောက်ခြေဌာနဆိုင်ရာများနှင့်ပေါင်းကာ လယ်မြေမှ မြို့မြေအဖြစ် လက်သိပ်ထိုးပြောင်းလဲထားပြီး အမည်ပေါက်ဂရံများ ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျွန်မတို့က တစ်ဆင့်ပြန်ဝယ်တာပါ။ မြေစာရင်းမှာ သွားစစ်ကြည့်တော့လည်း မြို့မြေအမျိုးအစား၊ အမည်ပေါက်ဂရံမြေ ဖြစ်နေလို့ အားလုံးပြည့်စုံတယ်ဆိုပြီး ဝယ်လိုက်တာ။ အခုကျမှ လယ်မြေတွေ ဆိုပြီး လာဖျက်သွားကြတယ်။ ကျွန်မတို့ရဲ့ နစ်နာမှုတွေကို ဘယ်သူမှ တာဝန်မယူကြဘူး” ဟု မြေကွက် ဝယ်ယူထားသည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မြေကွက်များမှာ အနံ ၂၀ ပေ၊ အလျား ၈၀ ပေ တစ်ကွက်လျှင် ကျပ်သိန်း ၅၀၀ မှ ၆၀၀ ဝန်းကျင် အထိ အရောင်းအဝယ်ဖြစ်နေပြီး ဘူတာရုံသစ်၏ ကုန်ထုတ်လမ်းဘေးတွင်ရှိကာ ဂရံမြေဖြစ်သည် ဟုဆိုသဖြင့် အလုအယက် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

 

သို့သော် ယခုအခါ လယ်မြေများဖြစ်သည်ဟုဆိုကာ လာရောက်တားဆီး ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တောင်ငူမြို့ရှောင် ဘူတာရုံသစ်စီမံကိန်းကို ကင်းဆိပ်ကျေးရွာအုပ်စု၊ ကျွန်းတောရေပုတ်ကုန်း ကွင်းအမှတ် ၅၄၆-က တွင် တည်ဆောက်နေခြင်း ဖြစ်ပြီး ၂၀၂၇ ခုနှစ်အတွင်း အပြီးသတ်ရန် စီမံချက်ချထားကြောင်း သိရသည်။

 

ပုံစာ-အကွက်ရိုက်ရောင်းထားသည့် လယ်မြေများ တားဆီးဖျက်သိမ်းထားသည်ကို တွေ့ရစဉ်။