ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
အီရန်နိုင်ငံဟာ ရုရှားမှ ခေတ်မီ ပုခုံးထမ်း ဒုံးကျည်အမြောက်အမြား ဝယ်ယူဖို့အတွက် ယူရို သန်း ၅၀၀ တန်ဖိုးရှိတဲ့ လျှို့ဝှက်လက်နက်အရောင်းအဝယ် သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်လို့ Financial Times က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက မော်စကိုမြို့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဆိုပါသဘောတူညီချက်အရ ရု ရှားနိုင်ငံဟာ သုံးနှစ်အတွင်းမှာ “Verba” အမျိုးအစား ပုခုံးထမ်းဒုံးကျည် ၅၀၀ နဲ့ “9M336” ဒုံးကျည် ၂,၅၀၀ ကို အီရန်ဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။
အဆိုပါသဘောတူညီချက်အရ လက်နက်ပေးပို့မှုတွေကို ၂၀၂၇ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိ သုံး သုတ်ခွဲပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ဆွဲထားတယ်လို့ Financial Times က ဆိုပါတယ်။
ဒီလက်နက်အရောင်းအဝယ်ကို ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့ရေးလုပ်ငန်း Rosoboronexport နဲ့ မော်စကိုမြို့မှာရှိတဲ့ အီရန် ကိုယ်စားလှယ်တို့ကြား ညှိနှိုင်းခဲ့ကြတာလို့ FT က ဆိုပါတယ်။
အီရန်အစိုးရဟာ အဲဒီဒုံးကျည်စနစ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တရားဝင်တောင်းဆိုခဲ့ တာပါ။ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းမှာ အစ္စရေးက အီရန်အပေါ် စစ်ဆင်ရေးဆင်နွှဲရာမှာ အမေရိကန်တပ်ဖွဲ့ တွေကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အီရန်ရဲ့ အဓိကနျူကလီးယားစခန်း သုံးခုကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ အဓိကနျူကလီးယား အခြေခံအဆောက်အအုံတွေ ပျက်စီးသွား ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။
အမေရိကန် ထောက်လှမ်းရေးရဲ့ ပဏာမအကဲဖြတ်ချက်အရတော့ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ နျူကလီးယားစွမ်းဆောင်ရည်ကို အပြီးတိုင် မဖျက်ဆီးနိုင်ခဲ့ဘဲ လအနည်း ငယ်လောက်ပဲ နောက်ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အီရန်အရာရှိတွေက စစ်ပွဲအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ ပြန်လည်နာလန် ထူလာနိုင်ပြီဖြစ်ကြောင်းနဲ့ အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်ဟာ အရင်ကထက်တောင် ပိုပြီး ကောင်းမွန်နေ ပြီလို့ အကြိမ်ကြိမ် ပြောဆိုနေကြပါတယ်။
ရုရှားနိုင်ငံဟာ အီရန်နဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှု သဘောတူညီချက် ရှိထားပေမဲ့ စာ ချုပ်ထဲမှာ တစ်နိုင်ငံကို တစ်နိုင်ငံက စစ်ရေးအရ အပြန်အလှန် ကာကွယ်ပေးရမယ်ဆိုတဲ့ အပိုဒ်တော့ မပါ ဝင်ပါဘူး။
ကိုးကား – Reuters
Ref; Iran signs 500 million euro missile deal with Russia, report cites leaked documents