ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ၂၂ ရက်)

မြန်မာ့ရိုးရာသနပ်ခါးဆိုတာ နှစ်ပေါင်းရာချီ၊ ထောင်ချီ သက်တမ်းရှိတဲ့ သဘာဝအလှကုန်တစ်ခုဖြစ်သလို ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ခုလိုပါပဲ။ သနပ်ခါးကို သဘာဝအတိုင်း သွေးလိမ်းတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေရှိသလို သတိထားရမယ့် ဘေးထွက်ဆိုးကျိုးလေး တွေလည်း ရှိပါတယ်။

သနပ်ခါးပင်ရဲ့ ရုက္ခဗေဒအမည်မှာ မျိုးကွဲ ၂ ခု ရှိတာကြောင့် Hesperethusa crenulata နဲ့ Limonia acidissima ဆိုပြီး နာမည်နှစ်ခု ရှိပါတယ်။ သူက ရှောက်မျိုးရင်းထဲမှာ ပါဝင်ပါတယ်။ သနပ်ခါး ပေါက်ရောက်ရာဒေသတွေကတော့ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းတို့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း (အညာဒေသ) က ထွက်တဲ့ သနပ်ခါးကတော့ အရည်အသွေး အကောင်းဆုံးလို့ ကမ္ဘာက အသိအမှတ်ပြုထားကြပါတယ်။

မြန်မာမှာတော့ သနပ်ခါးမျိုးကွဲဖြစ်တဲ့ အဖြူပွေးနဲ့ အဝါပွေး အပင်အမျိုးအစား နှစ်မျိုးလုံး ပေါက်ရောက် ရှင်သန်ပါတယ်။ “အပွေးမြင် အပင်သိ” ဆိုတဲ့ စကားပုံတွေတောင် ပေါ်လာတာဟာ သနပ်ခါးယဉ်ကျေးမှုကြောင့်လို ဆိုနိုင်မယ် ထင်ပါတယ်။

အဝါပွေးသနပ်ခါးပင်ရဲ့ အခေါက်က အဝါရောင်သန်းပြီး အနှစ်ကလည်း ဝါဝါဝင်းဝင်း ထွက်ပါတယ်။ ရနံ့ပိုမွှေးပြီး အသားအရေကို ဝင်းပစေလို့ လူကြိုက် ပိုများပါတယ်။ ရှင်မတောင်သနပ်ခါးဆိုပြီး ကျော်ကြားတာပေါ့။ အဖြူပွေးသနပ်ခါးပင်ရဲ့ အခေါက်ကတော့ ဖြူဖျော့ဖျော့ရှိပြီး အနှစ်မှာ အဝါရောင် နည်းပါတယ်။ အေးမြတဲ့ အာနိသင် ပိုရှိတတ်ပေမဲ့ အဝါပွေးလောက်တော့ ဈေးမကြီးပါဘူး။ မြို့သူတွေကတော့ အဖြူပွေးကို ပိုကြိုက်ကြတယ်လို့ ပြောစမှတ် ရှိကြပါတယ်။ အပွေးအဖတ် အထူအပါး ကွာခြားတာကတော့ စိုက်ပျိုးတဲ့ မြေဆီလွှာနဲ့ ရာသီဥတု (အပူချိန်) ပေါ်မှာ အဓိက မူတည်ပါတယ်။

သနပ်ခါးနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အချက်အလက်တွေအများကြီးကို သုတေသနပြု ရှာဖွေထားပြီး ဖြစ်ပါတယ်။ သနပ်ခါးအနှစ်ထဲမှာ အရေပြားအတွက် ကောင်းမွန်တဲ့ ဓာတ်ပေါင်းတွေ အများအပြား ပါဝင်ပါတယ်။

ဥပမာ – Coumarin ဆိုရင် ဘက်တီးရီးယားကို သေစေပြီး ရောင်ရမ်းမှုကို ကျစေပါတယ်။ Marmesin က နေရောင်ခြည်ကလာတဲ့ UV ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။ Arbutin ကတော့ အသားအရေကို ဖြူစင်ဝင်းပစေပြီး မယ်လနင် အရေပြားရောင်ခြယ် ထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။ Alkaloids နဲ့ Flavonoids ဓာတ်တွေကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေဖြစ်လို့ အရေပြားဆဲလ် တွေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

#သနပ်ခါးရဲ့ကောင်းကျိုးများ

နေရောင်ခြည်ဒဏ်မှ ကာကွယ်သလို အသားအရေကို အေးမြစေပြီး အဆီပြန်ခြင်းကိုလည်း ထိန်းချုပ် ပေးပါတယ်။ သနပ်ခါးမှာ နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) ကို ကာကွယ် ပေးနိုင်တဲ့ သဘာဝဓာတ်တွေ ပါဝင်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာ သနပ်ခါးလိမ်းထားရင် အသားအရေကို အေးမြစေပြီး အပူဒဏ်ကို သက်သာစေပါတယ်။ ဒါ့အပြင် သနပ်ခါးဟာ သဘာဝဆေး တစ်မျိုးဖြစ်လို့ မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ကိုလည်း ကျဉ်းစေပါတယ်။

သနပ်ခါးမှာ ဘက်တီးရီးယားနဲ့ မှို အချို့ကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားယားယံ တာနဲ့ အနာတွေကိုလည်း သက်သာစေပါတယ်။ Antioxidant ပါဝင်မှုကြောင့် ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပြီး အသားအရေကို တင်းရင်းစေတာကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

#သနပ်ခါးရဲ့ဆိုးကျိုးများ

ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ အသားခြောက်တာ၊ ဓာတ်မတည့်တာတွေ ဖြစ်နိုင်သလို သန့်ရှင်းမှု ပြဿနာအချို့ကြောင့်လည်း အရေပြား ထိခိုက်ရတတ်ပါတယ်။ အဆီပြန်တဲ့သူတွေအတွက် ကောင်းပေမဲ့ အသားခြောက်တတ်တဲ့သူတွေမှာတော့ သနပ်ခါးက အစိုဓာတ်ကို ပိုမိုခမ်းခြောက် စေနိုင်ပါတယ်။

ပြီးတော့ သနပ်ခါးက လူတိုင်းနဲ့တော့ မတည့်နိုင်ပါဘူး။ အချို့သူတွေမှာ သနပ်ခါးလိမ်းပြီးနောက် နီရဲလာတာ၊ ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သနပ်ခါးတုံးပေါ်မှာ ဖုန်တွေ၊ အညစ်အကြေး တွေ တင်နေတာကို ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီးမှ အသုံးပြုရပါမယ်။ သနပ်ခါးတုံး၊ ကျောက်ပျဉ် မသန့်ရှင်းတာ၊ ရေမသန့်တာတွေကြောင့် လိမ်းကျံတဲ့ သနပ်ခါး ညစ်ညမ်းသွားပြီး အရေပြားမှာ အဖုအပိမ့်တွေ ထွက်နိုင်ပါတယ်။

မျက်နှာအရေပြားပြဿနာ အမျိုးအစားပေါ် မူတည်ပြီး သနပ်ခါးက ကူညီပေးနိုင်သလို ပိုဆိုးသွားစေ တာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ – ဝက်ခြံဆိုရင် အဆီဖုနဲ့ ဝက်ခြံတွေကို ခြောက်စေပြီး ပိုးသေစေ ပါတယ်။ ဒါပေမဲ့ ပြည်တည်ဝက်ခြံရှိနေရင် အကြမ်းပွတ်တိုက်မိပါက ပိုပြီး ရောင်ရမ်းစေနိုင်ပါတယ်။

တင်းတိပ်နဲ့ မှဲ့ခြောက်တွေအတွက်ဆိုရင်လည်း နေပူဒဏ်ကို ကာကွယ်ပေးတဲ့အတွက် တင်းတိပ် ပိုမဖြစ်အောင် တားဆီးပေးနိုင်ပေမဲ့ ရှိပြီးသား တင်းတိပ်တွေ၊ အမဲကွက်တွေကိုတော့ ပျောက်ကင်း အောင် မလုပ်နိုင်ပါဘူး။ အသားအရေ နုနယ်လွန်းသူတွေ (Sensitive Skin) မှာ သနပ်ခါးထဲက Coumarin ဓာတ်ကြောင့် မျက်နှာပူတာ၊ နီတာတွေ ဖြစ်နိုင်ပါတယ်။ မျက်နှာမှာ ကွဲအက်နေတဲ့ အနာအဆာရှိရင်လည်း သနပ်ခါးလိမ်းတာက ပိုးဝင်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

သနပ်ခါးလိမ်းတဲ့အခါ မျက်နှာကို အားပြင်းပြင်း ပွတ်တိုက်တာမျိုး မလုပ်ဘဲ ခပ်ဖွဖွလေး လိမ်းပေးဖို့ လိုအပ်ပါတယ်။ ချွေးပေါက်ပိတ်ပြီး ဝက်ခြံမဖြစ်စေဖို့ ညအိပ်ရာဝင်ချိန်မှာ သနပ်ခါးကို ပြောင်စင်အောင် ဆေးကြောဖို့ကလည်း အရမ်းအရေးကြီးပါတယ်။

နောက်တစ်ခုက ကလေးငယ်တွေရဲ့ မျက်နှာကို သနပ်ခါး အရမ်းမလိမ်းပေးသင့်ပါဘူး။ သနပ်ခါးအစိုက ခြောက်သွေ့သွားတဲ့အခါ ပါးနုနုလေးတွေကို ဆွဲညှစ်သလို ခံစားစေရပါတယ်။ အသားနုနု အရေပြားလေးတွေ မထိခိုက်စေဖို့ ကလေးငယ်တွေကို သနပ်ခါးထူထူကြီး ပါးကွက် ကွက်ပေးတာမျိုးကို ဂရုပြု ဆင်ခြင်သင့်ပါတယ်။

သနပ်ခါး စားမိရင် ဘာဖြစ်တတ်ပါသလဲ။ မြန်မာ့ရိုးရာ ဆေးကျမ်းများအရ သနပ်ခါးဟာ ဆေးဖက်ဝင်ပါတယ်။ ဝမ်းကို အေးစေတဲ့ အကျိုးကျေးဇူးရှိပြီး အဖျားကျစေတယ်လို့ ယူဆကြပါတယ်။ ကလေးငယ်တွေ လေပွတာ၊ ဗိုက်နာတာတွေအတွက် သနပ်ခါးသွေးပြီး တိုက်ကျွေးနိုင်တယ်လို့ ရိုးရာတိုင်းရင်းဆေးတွေမှာ ညွှန်းဆိုပါတယ်။

သဘာဝ သနပ်ခါးစစ်စစ်ကိုတော့ အနည်းငယ် စားမိရုံနဲ့ ဘေးဥပဒ် ကြီးကြီးမားမား မဖြစ်နိုင်ပေမဲ့ မသန့်ရှင်းတဲ့ သနပ်ခါးတွေ၊ ဓာတုဗေဒ ပစ္စည်းတွေ ရောစပ်ထားတဲ့ အသင့်ဖျော် သနပ်ခါးတွေကို စားမိရင်တော့ ဘေးအန္တရာယ် ရှိပါတယ်။ ကလေးငယ်တွေကို သနပ်ခါးလိမ်းနေစဉ် သနပ်ခါးခွံ့ကျွေးတာမျိုးလည်း မလုပ်အပ်ပါဘူး။

သနပ်ခါးရဲ့ သဘာဝအာနိသင်တွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းမျိုး စုံဟာ ပြည်တွင်းမှာတင်မက ပြည်ပဈေးကွက်အထိပါ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သနပ်ခါးခဲ၊ အသင့်လိမ်းလို့ရတဲ့ သနပ်ခါးအနှစ်ခရင်မ်၊ သနပ်ခါးပေါင်ဒါ၊ ကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ နေလောင်ကာခရင်မ်နဲ့ ကိုယ်ခန္ဓာလိမ်းလိုးရှင်းတွေအဖြစ်ပါ ပုံစံမျိုးစုံ ထွက်ရှိနေပါပြီ။

သနပ်ခါးကို အခြေခံထားတဲ့ ခေတ်မီအလှကုန်တွေ အများအပြား ရနိုင်ပြီဖြစ်တဲ့ ယနေ့ခေတ်မှာ သနပ်ခါးကို ယဉ်ကျေးမှုအမွေသဖွယ် အစဉ်အလာအတိုင်း သုံးစွဲလာခဲ့တဲ့ မြန်မာ့ဓလေ့ဟာလည်း အဆင့် အတန်း မြင့်မားလျက် ဂုဏ်ယူဖွယ် ရှိနေပါတယ်။

နောက်တစ်ပတ်မှာတော့ “PM 2.5 လေထုညစ်ညမ်းမှုရဲ့ အကျိုးဆက်” ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးသွားမှာပါ။ ပရိသတ်အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။