နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ရာထူးမှ နှုတ်ထွက်ရန် တင်ပြထားပြီး ၎င်းတို့အမှုကိစ္စနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူအပါအဝင် မိသား စုဝင် သုံး ဦးကို တာဝန်မှ ရပ်ဆိုင်းကာ တိုင်ကြားသူ ဝန်ထမ်း လေးဦးအား စာဖြင့် သတိပေးမည်ဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု၊ ငွေကြေးအလွဲသုံးစားလုပ်မှု စသည့်စွပ်စွဲချက်များဖြင့် တိုင်ကြားခံထားရ သူ ဒေါ်ကြည်ပြာသည် ရာထူးတာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီးတွင် သက်ဆိုင်ရာသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ တင်ပြထားသော ၎င်း၏နှုတ်ထွက်စာကို ဝန်ကြီးချုပ်ရုံးက လက်ခံရရှိထားပြီး နှုတ်ထွက်ခွင့် ပြု၊ မပြုကိုမူ အတည်မပြုနိုင်သေးကြောင်း ဝန်ကြီးချုပ် ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေါ်ကြည်ပြာ၏ နုတ်ထွက်စာတွင် အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ရလဒ်များ ထွက်ပေါ်လာ ပြီဖြစ်ပြီး မမှန်မကန် စွပ်စွဲထားသည့် ကိစ္စရပ်များလည်း အဖြေပေါ်ပေါက်ခဲ့ပြီ ဖြစ်သောကြောင့် ၎င်းအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရမည့် အခြေအနေကြောင့် နှုတ်ထွက်လိုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါအမှုသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ရုံးဦးစီးအဖွဲ့မှူး ညွှန်ကြားရေးမှူးချုပ် ဦးညီညီမင်းတို့ကို အရေးယူပေးရန် ဝန်ထမ်း ၁၂ ဦးက တိုင်ကြားခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုင်ကြားမှုကြောင့် NUG ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၂ ရက်တွင် အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအား တာဝန်မှ ယာယီရပ်နားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီး အပါအဝင် ငါး ဦးဖြင့် စုံစမ်းစစ်ဆေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အချိန်ကာလ သုံး လကြာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အလားတူ တိုင်ကြားသော NUG ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ လက်ရှိဝန်ထမ်းများကိုလည်း ဒီဇင်ဘာ ၄ ရက်တွင် ရာထူးမှ ယာယီရပ်နားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပထမအဆင့် အရေး ယူမှုကို ဖေဖော်ဝါရီ ၁၈ ရက်၌ နှစ်ဖက်ထံ ပေးပို့ရာ ပေါက်ကြားလာမှုအရ ဝေဖန်မှုများ မြှင့်တက်ခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေါ်ကြည်ပြာနှင့် ပတ်သက်၍ အဂတိလိုက်စားမှုနှင့် လွှမ်းမိုးခြယ်လှယ်မှုများအတွက် လုံလောက်သော အထောက် အထား မတွေ့ရှိရကြောင်း ပြောဆိုသည်။
သို့သော် ဝန်ထမ်းများအပေါ် ဆက်ဆံရေး အားနည်းခြင်းနှင့် မိသားစုဝင်များ ခန့်အပ်ထားခြင်းတို့ တွေ့ရှိရသဖြင့် ဝန်ထမ်းများအပေါ် “ချိုသာစွာ ပြောဆိုဆက်ဆံရန်” NUG ဝန်ကြီးချုပ်က ပြင်းထန်စွာ သတိပေးထားကြောင်း သိရသည်။
“ကျွန်တော်တို့စုံခုံမှာ အခုတင်ပြခဲ့တဲ့ အကြံပြုချက်၊ သုံးသပ်ချက်တွေ ဒါတွေနဲ့ ပတ်သက်လို့ရှိရင် ဌာနတွင်းမှာ သတိပေးစာတွေနဲ့ တာဝန်က ရပ်နားဖို့ စာထုတ်ရမယ် ကိစ္စရပ်တွေ နောက်ဆက်တွဲတွေ အများကြီး ရှိပါသေးတယ်” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဝန်ကြီးဦးလွင်ကိုလတ်က ပြောသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် တိုင်ကြားသူများ၏ မူလတိုင်ကြားချက်နှင့် ထွက်ဆိုချက်များကို စိစစ်လေ့လာပြီးနောက် စွပ်စွဲချက် လေး ချက်အား စုစည်းကာ ပြင်ပပညာရှင်များ၏ အကြံပြုချက်၊ သဘောထား မှတ်ချက်များ ဖိတ်ခေါ်ရယူခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆို ခဲ့သည်။
ယင်းစွပ်စွဲများမှာ ဒေါ်ကြည်ပြာကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ အလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းများ အပေါ် နှင့် တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်မှု၊ စုံစမ်းစစ်ဆေးနေစဉ် ခင်ပွန်းဖြစ်သူကို စွပ်စွဲချက်အသစ်ဖြစ်သည့် ရုံးတွင်း Sexual Harassment ကိစ္စတို့ဖြစ်သည်။
ထို့နောက် စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ ဒေါ်ကြည်ပြာနှင့် ပတ်သက်၍ အဂတိလိုက်စားမှုနှင့် အစိုးရအတွင်း လွှမ်းမိုးခြယ်လှယ်မှုကိစ္စ စွပ်စွဲပြစ်တင်ရန် လုံလောက်သောအကြောင်း မတွေ့ရှိသော် လည်း ဆက်ဆံရေး အားနည်းချက်နှင့် မိသားစုဝင်များ ခန့်အပ်မှုများ တွေ့ရှိကြောင်း ဆိုသည်။
ယင်းအခြေအနေများကြောင့် NUG က အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းအား ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေးသည်ဆိုသော ပထမအဆင့် ထုတ်ပြန်စာ ထွက်ပေါ်လာခြင်း ဖြစ်၍ ဒုတိယအဆင့်အနေဖြင့် ခင်ပွန်းဖြစ်သူအပါအဝင် သုံး ဦးကို တာဝန်မှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
ခင်ပွန်းဖြစ်သူ ဦးညီညီမင်းသည် ကိုယ်ထိလက်ရောက် ကျူးလွန်မှု မဟုတ်သော်လည်း NUG ၏ လိင်ပိုင်းဆိုင်ရာ ထိပါနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ် ပေးရေး ဗဟိုကော်မတီ (PSHEA) မူဝါဒနှင့် ကျင့်ဝတ်များအပေါ် ငြိစွန်းဖောက်ဖျက်မှုရှိကြောင်း သိရသည်။
ယင်းသို့စစ်ဆေး တွေ့ရှိချက်အရ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ပြင်းထန်စွာ သတိပေးသွားပြီး ဦးညီညီမင်းနှင့် မိသားစုဝင်ဖြစ်သည့် တူတော်စပ်သူ နှစ် ဦးတို့ကို တာဝန်မှ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အစီရင်ခံစာ အကျဉ်းချုပ်အရ သိရသည်။
အလားတူ တိုင်ကြားသူများတွင် ပါဝင်သော NUG ဌာနအသီးသီး၌ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း ၄ ဦးကိုလည်း စုံစမ်းရေးကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ်အား အကြိမ်ကြိမ် ဖောက်ဖျက် ခဲ့ခြင်းကြောင့် စာဖြင့် သတိပေးသွားရန်ရှိကြောင်း သိရသည်။
လက်ရှိတွင် ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲအတွက် ဝန်ကြီးများအနေဖြင့် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း၊ ခရီးသွားရင်း ကာပေါ်မှ ဖြေဆိုခြင်း၊ မီဒီယာများ၏ မေးမြန်းမှုများအား တိတိပပ မဖြေဆို ခြင်းနှင့် ချန်လပ်ခဲ့မှု စသည်တို့ကြောင့် ဝေဖန်သံများ ထွက်ပေါ်နေကြောင်း သိရသည်။
ပုံစာ-NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ နှင့် ခင်ပွန်း။