ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ကော်မရှင်၏ ခြေလျင်တပ်ရင်း ခလရ-၂၃၆ မှ ကာကင်းစခန်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကော်မရှင်ဘက်မှ အရာရှိကြီးတစ်ဦးအပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ခလရ-၂၃၆ ၏ တပ်ရင်းမှူးကိုယ်တိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကော်မရှင်ဘက်မှ လက်နက်ခဲယမ်း အမြောက်အမြား ကိုပါ KIA က သိမ်းဆည်းရမိခဲ့ကြောင်း စစ်မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
“ခလရ ၂၃၆ တပ်ရင်းနဲ့တော့ အတန်အသင့် လှမ်းသေးပေမဲ့ စစ်ကော်မရှင်တပ်က ခိုင်ခိုင်မာမာ ခြေကုတ်ယူထားတဲ့ ကာကင်းစခန်းပါသွားတာ။ ခဲယမ်းတွေလည်း တော်တော်များများ ရလိုက်တယ်လို့ သိရတယ်” ဟု ဗန်းမော်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆွဲထုတ်ကာ ဆုတ်ခွာထွက်ပြေးသွားသဖြင့် အရှင်ဖမ်းဆီးရမိသူ မရှိခဲ့ကြောင်း သိရသည်။ ဗန်းမော်မြို့နယ်အတွင်း၌ပင် စစ်ကော်မရှင်၏ ခမရ -၆၀၁ မှ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးတစ်ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က KIA နှင့် တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။
အဆိုပါ ခလရ-၂၃၆ တပ်ရင်းကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က KIA တပ်များ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များ ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
လက်ရှိတွင် ဗန်းမော်မြို့ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ အရာရှိပိုင်းများ ဆက်တိုက် ထိခိုက် သေဆုံးနေမှုကြောင့် တပ်တွင်းစိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်ပြားမှုများ ရှိနေကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ။