‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂၂ရက်

စစ်ရေးပြင်းထန်နေသည့် နယ်မြေအချို့မှ စစ်ကော်မရှင်တပ်များကို နေရာအပြောင်းအရွှေ့နှင့် အလဲအလှယ်များ ပြုလုပ်နေသော်လည်း ဗန်းမော်၊ သာပေါင်းနှင့် ဖလမ်းရှိ တပ်များကိုမူ အပြောင်းအလဲလုပ်ဆောင်နိုင်ခြင်းမရှိ ဖြစ်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ဖေဖော်ဝါရီ တတိယပတ်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ အင်အား ၄၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး ၎င်းတို့အနက် အင်အား ၁၈၀ ခန့်ကို စစ်ကား ခြောက် စီးဖြင့် ရွှေကျင်ဂိတ်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် စဉ့်ကူးနှင့် မတ္တရာနယ်မြေများကို ပြန်လည်ထိန်းချုပ်ပြီးနောက် တကောင်းမြို့ကို ထိုးစစ်ဆင်ရန် စစ်ကူအင်အားများ ဆက်တိုက်ဖြည့်တင်းနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“စစ်မှုထမ်းတပ်သားသစ်တွေ ရနေတယ်ဆိုပေမဲ့ တိုက်ပွဲဝင်စစ်ကြောင်းတွေကိုတော့ ကြက်ကု ကုပြီး (အပေါ်ယံပြုပြင်ပြီး) ပြန်လွှတ်နေရတဲ့ အနေအထားဖြစ်နေတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

 

ထို့အပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် အနေကြာနေပြီဖြစ်သည့် တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းအချို့ကို လှည်းကူးမြို့နယ်၊ အင်းတိုင်အခြေစိုက်တပ်ရင်းသို့ ပြန်လည်ခေါ်ယူထားပြီး အခမ်းအနားဖြင့် ကြိုဆိုကာ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ဆောင်နေရသည်။

စစ်ကော်မရှင်သည် နယ်မြေအများစုတွင် တပ်အလဲအလှယ်များ ပြုလုပ်နေသော်လည်း တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်၊ ဧရာဝတီတိုင်းရှိ သာပေါင်းနှင့် ချင်းပြည်နယ်ရှိ ဖလမ်းမြို့တို့မှ တပ်ဖွဲ့ဝင်များကိုမူ အပြောင်း အရွှေ့ လုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။


တိုက်ခိုက်ရေးတပ်များ စစ်အီနေချိန်တွင် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်လန်းဆန်းမှုရှိစေရန်ဟူသော အကြောင်းပြချက်ဖြင့် နေရာပြောင်းလဲခြင်းများ ပြုလုပ်နေသော်လည်း လက်တွေ့တွင်မူ အင်အားပြုန်းတီးနေသည့် တပ်ဖွဲ့ဝင်များကို တိုက်ပွဲအတွင်းသို့သာ ပြန်လည်စေလွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)