‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂၂ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး စစ်ကော်မရှင်ဘက်မှ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့မှစ၍ ဗန်းမော်မြို့တိုက်ပွဲများ ပြန်လည်အရှိန်မြင့်လာခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ခမရ-၆၀၁ မှ ဒုတပ်ရင်းမှူး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။

‎”ဗန်းမော်မှာ တပ်ပြန် နားရတာမျိုး မရှိတော့ဘူး။ ဒီလူတွေပဲ လှည့်ပတ်တိုက်နေရတာပေါ့။ တပ်မမှူး နှစ်ဦးနဲ့ စစ်ဗျူဟာမှူး ခြောက်ဦးဆိုတာလည်း တပ်ရင်းမှူးအလုပ်တွေပါလုပ်လာရတယ်။ စစ်ပွဲကြာလာ တော့ နှစ်ဖက်အထိအခိုက်ရှိကြပါတယ်။ စစ်တပ်ဘက်ကတော့ အရာရှိတွေပါ ကျကုန်တယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် ဒုတပ်ရင်းမှူးသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီအတွင်းက မံစီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သူဖြစ်သော်လည်း ဗန်းမော်သို့ ပြန်လည်းစေလွှတ်ခြင်းခံရကာ တိုက်ပွဲ အတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

KIA ၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (ခရစ်စမတ်နေ့) မှစတင်သည့် တန်ပြန်ထိုးစစ်အတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိပိုင်းများစွာ သေဆုံးနေရသည့်အပြင် ထောက်ပံ့ရေးလမ်းကြောင်းများပါ ဖြတ်တောက်ခံထားရ သည်။

စစ်ကော်မရှင်သည် ဗန်းမော်မြို့၌ အင်အားထောင်ချီ အသုံးပြုထားသော်လည်း ခလရ-၄၇၊ စစ်လက်နက် စီမံခန့်ခွဲရေးတပ် စစန-၆၄၁ ၊ ထောက်ပံ့ရေးတပ် ထပရ-၉၃၃၊ မြေပြင်ဆေးတပ်ရင်း မဆရ-၁၁ တို့ဖြင့် ကွန်ပျူတာတက္ကသိုလ်အနီး တိုက်ပွဲများတွင် ခံစစ်အသေဖြင့်သာ ခုခံနေရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် အင်အားနည်းလာပြီး ခံစစ်အခိုင်အမာပြင်ထားသည့် တပ်ရင်းများ အတွင်းရှိ စစ်တပ်မိသားစုဝင်များကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်းသို့ ပြောင်းရွှေ့စုစည်းထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

ပုံစာ-သေဆုံးသွားသည့် စစ်ကော်မရှင်တပ်မှ အရာရှိတစ်ဦး၏နာရေးပြင်ဆင်ထားမှုမြင်ကွင်း။