ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
ဆွီဒင်နိုင်ငံဟာ ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် တန်ကြေးရှိ စစ်ရေးအကူအညီသစ် ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီး ပေါလ်ဂျွန်ဆင်က လူမှုကွန်ရက် X မှာ ကြေညာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဆွီဒင်ရဲ့ ယူကရိန်းသို့ ၂၁ ကြိမ်မြောက် စစ် ရေးအကူအညီပေးမှုမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်၊ တာဝေးပစ်လက်နက်တွေနဲ့ ခဲယမ်းမီး ကျောက်တွေ ပါဝင်မယ်လို့ သိရပါတယ်။
ငွေကြေးအကူအညီထဲမှာ ဒေါ်လာ သန်း ၄၇၀ ကို ဒုံးကျည်စနစ်၊ ကြားဖြတ်စနစ်၊ အာရုံခံစနစ်၊ အီ လစ်ထရောနစ် ပစ္စည်းကိရိယာနဲ့ ကွပ်ကဲထိန်းချုပ်စနစ် အပါအဝင် ခေတ်မီ တာတိုဒုံးခွင်းစနစ် တွေအတွက် သုံးစွဲမှာဖြစ်ပါတယ်။

အမြောက်ကျည်တွေ၊ ၄၀ မီလီမီတာကျည်တွေ၊ ၁၂၀ မမ မော်တာကျည်တွေအပြင် လေ့ကျင့်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် ဒေါ်လာ သန်း ၃၃၀ သုံးစွဲမှာဖြစ်ပါတယ်။
ကျန်ရှိတဲ့ ဒေါ်လာ သန်း ၆၂၀ ကို တာဝေးသွားဒရုန်းတွေ၊ စစ်သင်္ဘောတွေ၊ တီထွင်ဆန်းသစ်ရေး စီမံကိန်းတွေနဲ့ နိုင်ငံတကာ လက်နက်ဝယ်ယူရေးရန်ပုံငွေအတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။
ယခု အကူအညီအပါအဝင် ဆွီဒင်နိုင်ငံရဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း ယူကရိန်းသို့ စစ်ရေးအကူအညီ ပေးအပ်မှုဟာ ဒေါ်လာ ၁၁ ဒသမ ၄ ဘီလီယံအထိ ရှိလာပြီလို့ ပေါလ်ဂျွန်ဆင်က ဆိုပါတယ်။
အမေရိကန်ဉီးဆောင်တဲ့ ယူကရိန်း ဉီးစားပေး လိုအပ်ချက်စာရင်း (PURL) အတွက် ဒေါ်လာ သန်း ၁၀၀ ထည့်ဝင်ဖို့ ဆွီဒင်နိုင်ငံက ကတိပြုပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာတာပါ။
နယ်သာလန်၊ နော်ဝေ၊ ဗြိတိန်တို့နဲ့အတူ ဆွီဒင်နိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် တိုးမြှင့်လာဖို့ရည်ရွယ်ကာ ဒေါ်လာ သန်း ၅၀၀ ပူးတွဲကူညီဖို့ ကတိပြုထားပါတယ်။
ဆွီဒင်နိုင်ငံဟာ PURL မှာ ယခင်က ပါဝင်ခဲ့ပြီး ဒိန်းမတ်နဲ့အတူ ဒေါ်လာ ၂၇၅ သန်း၊ အခြား နောဒစ်၊ ဘောလ်တစ်တိုင်းပြည်တွေနဲ့အတူ ဒေါ်လာ သန်း ၆၀ ထည့်ဝင်ခဲ့ပါတယ်။
ကိုးကား – Sky News
Ref; Sweden announces $1.4bn military aid package for Ukraine