ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ စစ်ကော်မရှင် လေ့ကျင့်ရေးကျောင်းနှင့် လမ်းပိုင်းလုံခြုံရေးဂိတ်များတွင် အဆင့်မြင့်အရာရှိကြီးများကိုယ်တိုင် ဦးစီးကွပ်ကဲ၍ ခံစစ်ပြင်ဆင်နေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အင်္ဂပူမြို့နယ်၊ ကွင်းကောက်အခြေစိုက် (တတက-၅) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် လက်ရှိ၌ လူသစ်အခြေခံစစ်သင်တန်းတစ်ခုသာ ဖွင့်လှစ်ထားသော်လည်း တပ်နယ်လုံခြုံရေးအတွက် သင်တန်းကျောင်းကို တိုက်ခိုက်ရေးတပ်အသွင် ပြောင်းလဲပြင်ဆင်ထားကြောင်း သိရသည်။
အထူးသဖြင့် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးပိုင်းတွင် အဓိကကျသည့် စစ်ဦးစီးမှူး ပထမတန်း (G-1) အဆင့်ရှိသူ ကိုယ်တိုင် လမ်းဘေးစစ်ဆေးရေးဂိတ်များတွင် ဦးစီးနေရသည်အထိ ခံစစ်ကို အသည်း အသန် ပြင်ဆင်နေရခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောကြားသည်။

“ဧရာဝတီခံစစ်ကို စစ်တပ်က အခိုင်အမာလုပ်ချင်ပေမဲ့ လက်ရှိမှာ ပြည်သူ့စစ် (ပစ) အင်အားပဲ အဓိက ရှိတဲ့ အနေအထား ဖြစ်နေတယ်။ သာပေါင်းနဲ့ ရေကြည်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက် ရှိနေတော့ အရာရှိအဆင့်တွေပါ ဂိတ်ဆင်းစောင့်နေရတဲ့ သဘောပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် သာပေါင်း၊ လေးမျက်နှာမြို့နယ်များအပြင် ရေကြည်မြို့နယ်၊ မြောက်စမ်းရှိ အမြောက်တပ် (အမတ-၃၄၄) အနီးတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့်နှစ်က အဆိုပါ အမြောက်တပ်အနီးသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များ ထိုးဖောက်ရောက်ရှိ လာခဲ့သဖြင့် စစ်ကော်မရှင်က ပြည်မြို့အခြေစိုက် ခလရ-၁၄ မှ စစ်ကူများခေါ်ယူကာ ပတ်လည်ခံစစ်ဖြင့် နေရာပြန်ယူထားခြင်း ဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က သီတာကုန်းပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ယာယီခြေကုတ် စခန်းတစ်ခုကို စစ်ကော်မရှင်က သိမ်းယူခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ပုသိမ်-မုံရွာ လမ်းပိုင်းကို စိုးမိုးနိုင်ရန် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် တပ်သားသစ်များကို အဓိက အသုံးပြု၍ အင်အားဖြန့်ကျက်ထားကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း သီတာကုန်းပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ယာယီ ခြေကုတ်စခန်းတစ်ခုကို စစ်ကော်မရှင်က သိမ်းယူခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကော်မရှင်(ပုံဟောင်း)