‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂၂ရက်

 

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၌ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး အခြားအမျိုးသားတစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ နံနက် ၅ နာရီဝန်းကျင်က ငမိုးရိပ်ရပ်ကွက်၊ ၁၀ လမ်း (အပိုင်း-၂) ရှိ တိုက်ခန်းပထမထပ်၌ မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်ချိန်တွင် တိုက်ခန်းအတွင်း ပိတ်မိနေသည့် အသက် (၄၅) နှစ်အရွယ် အမျိုး သားတစ်ဦးကို မီးခိုးမွှန်ခြင်းနှင့် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည် ထုတ်ယူခဲ့ရသည်။

“မီးလောင်တော့ ကယ်ထုတ်ဖို့ ကြိုးစားကြပေမဲ့ တိုက်ခန်းလည်းဖြစ်၊ မီးခိုးလုံးတွေနဲ့ မီးကလည်း များနေတော့ မဝင်နိုင်ခဲ့ကြဘူး။ ဂတ်စ်အိုးပေါက်သလိုမျိုး ပေါက်ကွဲသံတွေလည်း ကြားရတယ်” ဟု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် အပေါ်ထပ်တွင် နေထိုင်သည့် အခြားအမျိုးသားတစ်ဦးမှာလည်း မီးခိုးမွှန်ကာ သတိမေ့မြောခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကုသပေးထားရသည်။

 

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး တောင်ဒဂုံနှင့် လှည်းကူးမြို့နယ်တို့တွင်လည်း မီးလောင်ကျွမ်းမှုများ ရှိခဲ့သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ သမိုင်းတွင် မီးလောင်မှုကြောင့် အသက် ၆၀ ကျော် အရွယ် ညီအစ်မနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

 

ဓာတ်ပုံ- အေးမြဖြူစင်လူမှုကူညီရေးအသင်း