ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
အမေရိကန်စစ်တပ်က အီရန်နိုင်ငံကို တိုက်ခိုက်ပါက ဗြိတိန်စစ်အခြေစိုက်စခန်းများကို အသုံးပြု ခွင့်ပေးဖို့ ဗြိတိန်အစိုးရက ငြင်းဆန်လိုက်ပါတယ်။
ဗြိတိန်အစိုးရရဲ့ ယင်းဆုံးဖြတ်ချက်ကြောင့် ဗြိတိန်နဲ့အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက် လာခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်မှုတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
အမေရိကန်ရဲ့ အကြီးစား ဗုံးကြဲလေယာဉ်တွေ အခြေစိုက်ရာ Gloucestershire ရှိ RAF Fairford လေတပ်စခန်းနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဒီယေဂိုဂါးရှား အမေရိကန်-ဗြိတိန် ပူးတွဲစစ်အခြေစိုက်စခန်းမှ အမေရိကန်လေယာဉ်တွေ ပျံသန်းနိုင်ရန်မှာ ဗြိတိန်အစိုးရရဲ့ ကြိုတင်ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။
အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်မယ့် မည်သည့်ကိစ္စရပ်အတွက်မဆို ဗြိတိန်အစိုး ရက ခွင့်ပြုချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
ဥပဒေကြောင်းအရ အကြောင်းပြချက်မရှိဘဲ အီရန်ကို တိုက်ခိုက်ရာမှာ ပါဝင်ခြင်းဟာ အပြည် ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကို ဗြိတိန်က ထောက်ပြခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က ယင်းဆုံးဖြတ်ချက်အပေါ် ဝေဖန်လိုက်ပြီး ဒီယေဂိုဂါးရှားနဲ့ ချားဂိုးစ် ကျွန်းစု အပါအဝင် ဗြိတိန်ပိုင် အိန္ဒိယသမုဒ္ဒရာနယ်မြေတွေရဲ့ အချုပ်အခြာအာဏာကို မောရစ်ရှနိုင်ငံထံ လွှဲပြောင်းပေးရမယ့် ဗြိတိန်ရဲ့ ၂၀၂၅ ခုနှစ် သဘောတူညီချက်ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပါတယ်။
“အင်မတန် မတည်ငြိမ်ပြီး အန္တရာယ်ရှိတဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် အမေရိကန်အနေနဲ့ ဒီယေဂိုဂါးရှားနဲ့ Fairford မှာရှိတဲ့ လေတပ်စခန်းတွေကို အသုံးပြုဖို့ လိုအပ်နိုင်ပါ တယ်” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
အီရန် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာ မာထံ ရာဇသံပေးပြီးနောက် အခုလို အငြင်းပွားမှုတွေ ပေါ်ပေါက်လာတာပါ။
အီရန်ဟာ ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေကို တိုက်ခိုက်နိုင်သဖြင့် ဗြိတိန်အနေနဲ့ အမေရိကန်အား ကူညီထောက်ပံ့ခြင်းဟာ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ကိုက်ညီလိမ့်မယ်လို့ ၎င်းက အကြံပြုခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်အင်အား အကြီးအကျယ် တိုးမြှင့်လျက်ရှိပြီး အီရန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
ကိုးကား – TRT World
Ref; UK refuses US request to use British bases for potential Iran strikes