ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ငါးနှစ်ဝန်းကျင်ကာလအတွင်း အိမ်ခြေတစ်သိန်းနှစ်သောင်းကျော် မီးလောင်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့အထိ စာရင်းများအရ အရပ်သားနေအိမ် ၁၁၉၄၁၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

 

မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်များအနက် နေအိမ် ၁၁၅၅၆၈ လုံးမှာ စစ်ကော်မရှင်နှင့် ၎င်းတို့လက်အောက်ခံအဖွဲ့အစည်းများကြောင့်ဖြစ်ကြောင်း Data for Myanmar အဖွဲ့အစည်း အစီရင်ခံစာက ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲတွင် မီးရှို့ခံခဲ့ရသည့် နေအိမ် ၃၈၄၀ လုံးကိုမူ မည်သည့်အဖွဲ့အစည်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မသိရသေးကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

 

အာဏာသိမ်းကာလတွင် စစ်ကော်မရှင်နှင့် လက်အောက်ခံအဖွဲ့အစည်းများက စစ်ကြောင်းထိုးကာ အရပ်သားနေအိမ်မီးရှို့ခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်း၊ ကျေးရွာများတွင်တပ်စွဲကာ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

စစ်ကော်မရှင်၏ နေအိမ်မီးရှို့ခြင်းကို အများဆုံးခံစားရသည့် ဒေသမှာ စစ်ကိုင်းတိုင်းမှဖြစ်ပြီး နေအိမ် ၇၇၇၃၁ လုံးအထိမီးရှို့ခံခဲ့ရပြီး မကွေးတိုင်းမှ ၁၆၈၉၈ လုံးမီးရှို့ခံခဲ့ရကာ မန္တလေးတိုင်းမှာ တတိယမြောက် နေအိမ်မီးရှို့ခံရမှု အများဆုံးရှိသည့် ဒေသဖြစ်ကြောင်းလည်း သိရသည်။

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က ငှက်ပျောတော(တောင်)ရွာနှင့် မင်းတိုင်ပင်ရွာမှ နေအိမ် ၈၅ လုံးကို မီးရှို့ခဲ့ကြသည်။

 

စစ်ကော်မရှင်သည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံးတွင် ပြည်သူပိုင်နေအိမ်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)