ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP) ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင် နေရာကို ဒုတိယဥက္ကဋ္ဌ ၂ ဦးစောဟန်အေးက ပါတီဥက္ကဋ္ဌအဖြစ် လွှဲပြောင်းယူထားကြောင်းသတင်းရရှိသည်။
ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးစောဟန်အေးက လွှတ်တော်တက်ရောက်မည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလမ်းညွှန်စကားပြောကြားကြောင်း ပါတီ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယခင်ပါတီဥက္ကဋ္ဌဟောင်း ဒေါ်သက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီ၏ လူ့စွမ်းအားအရင်းအမြစ် ကော်မတီဥက္ကဋ္ဌအဖြစ် ရက်ပိုင်းအတွင်းရာထူးအပြောင်းအလဲဖြစ်သွားကြောင်း ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲတက်ရောက်ချိန်တွင် ဦးစောဟန်အေးသည် ဒုတိယဥက္ကဋ္ဌ (၂) ရာထူးသာရှိနေကြောင်းသိရသည်။
ပြီးခဲ့သည့်စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ ၂၀ နေရာအနိုင်ရရှိထားသည်။
ယင်းပြင် ပြည်သူ့ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒေါ်ထက်ထက်လှိုင်တို့သည် ရွေးကောက်ပွဲကော်မရှင်ခွင့်ပြုချက်မရဘဲ ပြည်ပသံရုံးအချို့နှင့်တွေ့ဆုံသဖြင့် အမှုဖွင့်အရေးယူခံထားရကြောင်းသိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၆) (စ) ပါ ပြဋ္ဌာန်းချက်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း ( သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်းနှင့် အခြားအထောက်အပံ့တစ်ခုခုကိုရယူသုံးစွဲခြင်း၊ ဩဇာခံယူခြင်းမပြုရဟုပါဝင်ပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်မှုပယ်ဖျက်ခံရမည်ဟု အာဏာသိမ်းစစ်တပ်က အတည်ပြုထားသည်။
ဓာတ်ပုံ – PPP