မြရာ၊နိုရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရသစ်တစ်ရပ် ဖန်တီးမည်ဆိုသည့် ကတိစကားနှင့်အတူ ၎င်း၏ လက်အောက်ခံ စစ်အရာရှိများကို စင်ပေါ်တင်မည့်သူတင်၊ ကြိုးစင်တင်မည့်သူတင်ဖြင့် ရွေးကောက်ပွဲ အလွန် နိုင်ငံရေးကစားကွက်ကို စတင်လိုက်ပြီဖြစ်သည်။
ပြည်တွင်းပြည်ပက လက်မခံသည့် ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ပြီးနောက် စစ်ရေးရှုံးနိမ့်မှု များနှင့်အတူ ပျက်စီးသွားသည့် အုပ်ချုပ်ရေး၊ စီးပွားရေးယန္တရားများအတွက် လက်ညှိုးထိုးအပြစ်တင် ရန်အတွက် လက်ကိုင်တုတ် စစ်အရာရှိများကို စတေးဖယ်ရှားသည့်လုပ်ရပ်များကို အစီအစဉ်တကျ လုပ်ဆောင်လာနေသည်။
ထိတ်လန့်မှုကြောင့် အရေးယူခံရသည့် အလယ်ပိုင်းတိုင်း
၂၀၂၆ ၊ ဇန်နဝါရီ ၂၇ ရက်သည် စစ်ခေါင်းဆောင်အတွက် အရှက်ရစေသည့်အပြင် ထိတ်လန့်မှုပါ ဖြစ်စေခဲ့သည့် နေ့ရက်ဖြစ်သည်။ မန္တလေးနန်းတွင်းသို့ စစ်ခေါင်းဆောင် ရောက်ရှိနေချိန်တွင် BWM အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ခေါင်းဆောင်သည် နေပြည်တော်သို့ နေ့တွင်းချင်း ထွက်ပြေးခဲ့ရသည်။ စစ်ခေါင်းဆောင်၏ ထိတ်လန့်မှုသည် လူမြင်ကွင်းရှေ့မှပင် ရက်အတန်ကြာ ပျောက်ဆုံးခဲ့သည်အထိ ဖြစ်ခဲ့ရသည်။
ထိုဖြစ်စဉ်တွင် လုံခြုံရေးပေါ့လျော့သည်ဟုဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် လင်းနိုင်စိုးနှင့် တပ်မ (၉၉) တပ်မမှူးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
စစ်ရှုံးလျှင်သေဒဏ်သို့မဟုတ်နှစ်ရှည်ထောင်ဒဏ်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အာဏာတည်မြဲရေးအတွက် စစ်ဘက်အရာရှိကြီးများကို တပ်မတော် အက်ဥပဒေအတိုင်းအရေးယူသည်ဟုအကြောင်းပြချက်ပေးကာ အပြင်းအထန် အရေးယူ လျက်ရှိသည်။ စစ်စခန်းစွန့်ခွာမှုနှင့် စစ်ရှုံးမှုများကြောင့် စစ်ဘက်အရာရှိ ၆ ဦးကို ကြိုးမိန့်သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် နိုင်ဇော်ဦးကို လာဘ်စားမှုဖြင့် ထောင်ဒဏ် ၂၀ နှစ်၊ စတသ-၄၁ ဆင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ဗျူဟာမှူးကို ကြိုးမိန့် သေဒဏ် ၊ စတသ-၄၃ ဆင်း အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူးကို ထောင်ဒဏ် ၁၀ နှစ်၊ စသတ-၄၅ ဆင်း တပ်မ (၃၃) နည်းဗျူဟာမှူး ကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။
ရပခတိုင်းမှူးကို လာဘ်စားမှုနှင့်ပတ်သက်ပြီး ပြစ် ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်အရာရှိများ၏ အမှုများမှာ စစ်ရေးရှုံးနိမ့်ခြင်းနှင့် စခန်းစွန့်ခွာထွက်ပြေးမှုများကြောင့် ပြစ်ဒဏ်များချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရသည်အထိ အရေးယူခံရမှုမှာ စစ်ခေါင်းဆောင်မှ ဥပဒေပုဒ်မများ တပ်ထားသော်လည်း အဓိကမှာ စစ်ရှုံး၍ တပ်စခန်းများစွန့်ပစ်ပြီး ထွက်ပြေးသည်ကို လက်မခံနိုင်၍ အပြင်း အထန်အပြစ်ပေးခြင်းဖြစ်သည်။
သေစေလောက်သည့် ပုဒ်မများ
တပ်မတော်အက်ဥပဒေပုဒ်မ ၃၂(က)၊ စစ်ဆင်ရေးတာဝန်ကျနေရာမှ ဆုတ်ခွာခြင်း သို့မဟုတ် အခြားတစ်ဦးဦးကို ဆုတ်ခွာရန်ဖိအားပေးခြင်း၊ တိုက်တွန်းခြင်းစသည်ကြောင့် ချမှတ်သည့် ပုဒ်မ၊ ၃၂(ဎ)၊ အထက်အရာရှိက ပေးအပ်သောစစ်ဆင်ရေးတာဝန်ကို လိုက် နာရန်ပျက်ကွက်မှု စသည့် ပုဒ်မများဖြင့် အရေးယူခြင်းဖြစ်ပြီး စစ်ရေးရှုံးနိမ်ခဲ့သည့် စစ်အရာရှိများမှာ စစ်ခေါင်းဆောင်လက်မှ ပြေးမလွတ်ပေ။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှုံးနိမ့်ခဲ့ရသည့် စစ်တိုင်း မှူးများ စစ်နည်းဗျူဟာမှူးများ၊ တပ်မမှူးများမှာ အထက်ဖော်ပြပါ ပုဒ်မများနှင့် တရားစွဲဆိုခံရပြီး အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။
ရခိုင်နှင့်ကချင်စစ်မျက်နှာမှအိုးမည်းသုတ်ခံရမှုများ
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ အောင်ပွဲများကြောင့် စစ်ကော်မရှင်မှာ သုံးမြို့နယ်ခန့်သာ အုပ်ချုပ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ အုပ်ချုပ်ခွင့်ရနေသည့် သုံးမြို့နယ်တွင် လည်း နှစ်မြို့နယ်မှာ စစ်ဆိုင်နေရပြီး တစ်မြို့နယ်ကိုလည်း မိုင်းပတ်ပတ်လည်ခင်းကာ စစ်သင်္ဘောများ ပတ်လည်ချထားရသည်အထိ ကြောက်ရွံနေရသည်။
စစ်ခေါင်းဆောင်အုပ်ချုပ်ခွင့်ရနေသည့် ကျောက်ဖြူတွင် အင်အားထောင်ချီသုံးထားရပြီး အားထား ရသည့် ရေတပ်ဌာနချုပ်အနီး ထွက်လာသမျှ စစ်ကော်မရှင်၏ စစ်ကြောင်းကို AA က ဆက်တိုက် တိုက်ခိုက်ထားသည်။ စစ်တွေတွင်လည်း AA က အမြစ်ဖြုတ်လိုက်သည့် အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်(နပခ) ပြောင်းလွှဲဖွင့်လှစ်ထားရာ စစ်တွေ ဒကစအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေ ရပြီး စစ်စခန်းများရှိရာ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကံ့ကော်ကျွန်းတို့မှာ ဆက်တိုက် တိုက်ခိုက်ခံနေရသည်။
ကျန်ပြည်နယ် ၁၄ ခုမှာ AA လက်အောက် လုံးဝကျရောက်သွားပြီးနောက် ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် ဒေသများပါ AA ၏ ခြိမ်းခြောက်မှုကို ခံနေရပြီဖြစ်သည်။
တောင်ကုတ်နှင့်ဆက်စပ်နေသည့် ပန်းတောင်းတပ်နယ်၊ အမ်းနှင့်ဆက်စပ်နေသည့် ပဒါန်းတပ်နယ်၊ ဂွနှင့် ဆက်စပ်နေသည့် သာပေါင်း အချုပ်ဆိုရလျှင် ပဲခူး တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ စစ်ခေါင်း ဆောင်အတွက် ရခိုင်ပြင်ပမှာ AA ၏ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။
စစ်ပွဲတာရှည်ခြင်း၊ စစ်အင်အားပြုန်းတီးခြင်း၊ တိုက်ခိုက်လိုစိတ်မရှိခြင်း၊ တိုက်ခိုက်ရေး စွမ်းအင် ကျဆင်းခြင်း၊ ညွှန်ကြားချက်ညံ့ဖျင်းခြင်းတို့ကြောင့် နယ်မြေများ ဆုံးရှုံးရမှုကို ဦးဆောင်ကွပ်ကဲ သည့် စစ်ဗိုလ်ချုပ်များက ခေါင်းခံလိုက်ရသည်။ ယခု ဖေဖော်ဝါရီလ ရက်ပိုင်းအတွင်းကပင် ရခိုင်နယ် မြေ၌ စစ်ရှုံးခဲ့ရသည့် ဒုတိယဗိုလ်မှူးကြီးအဆင့် အရာ ရှိ သုံး ဦးကို စစ်ခုံရုံးမှ သေဒဏ်နှင့် နှစ်၂၀ စသည့် ထောင်ဒဏ်များ ချမှတ်သည်။
ရခိုင်စစ်မျက်နှာတွင် စစ်ရှုံးခဲ့သည့် ခလရ ၂၆၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူကို သေဒဏ်ချမှတ်ခဲ့သလို ခမရ ၃၅၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တိုးဝေမြင့်နှင့် စကခ ၁၉ မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့်တို့ကို ထောင်ဒဏ်နှစ် ၂၀ စီချမှတ်ပြီး စစ်တွေထောင်ကို ပို့ဆောင် ထားသည်။
ထို့အပြင် ကျောက်တော်တိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် ဗျူဟာမှူးအဆင့်တစ်ဦးနှင့် ဗိုလ်ကြီး အဆင့် သုံး ဦးကိုလည်း စစ်ခုံရုံးတင်ကာ သေဒဏ်များချမှတ်ခဲ့သေးသည်။
တစ်နှစ်ကျော်ကြာ တိုက်ခိုက်နေရသည့် ကချင်ပြည်နယ် ဗန်းမော်စစ်မျက်နှာတွင်လည်း ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၏ ထိုးစစ်ကြောင့် စစ်ကော်မရှင်ဘက်မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးများ အစုလိုက် အပြုံလိုက် သေဆုံးနေရသည်။
ဗန်းမော် ခလရ ၄၇ မှ ဗျူဟာမှူး၊ စစ်လက်နက် စုဆောင်းရေးတပ်ခွဲ (စစန)၆၄၁ မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်း မှူးတို့မှာ KIA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သေဆုံးခဲ့သည်။ ဗန်းမော်ရှိ စစ်ကော်မရှင်ခြေကုပ် ပြန်လည်ယူထားသည့် နည်းပညာတက္ကသိုလ်၊ ထောက်ပံ့နှင့် ပို့ဆောင် ရေးတပ် (ထပရ) ၉၃၃ ၏ ခြေကုပ်စခန်းအပြင် အခြားကာကင်းစခန်းများပါ လက်လွှတ်ခဲ့ရပြီး သံ ချပ်ကာကားနှင့် တင့်ကားအချို့ပါ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။
ထိုရှုံးနိမ့်မှုအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းကို နေပြည်တော်သို့ ခေါ်ယူကာ စစ်ခုံရုံးတင် စစ်ဆေးနေသည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်းက ကချင် ပြည်နယ် တပ်စခန်းများမှ ဆုတ်ခွာပြေးခဲ့သည့် ဗိုလ်မှူးကြီးနှင့်အဖွဲ့ကိုပါ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
လုပီ နခတ၊ ၁၀၀၂ နယ်ခြားစောင့်စစ်တပ်စခန်း တိုက် ခိုက်ခံရချိန်တွင် စစ်ဗျူဟာမှူးသေဆုံးသွားပြီး အဆို ပါဗျူဟာမှူးနှင့်အတူ အသေခံခြင်းမရှိဘဲအသက်လုထွက်ပြေးသွားသည့် တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့ကို ထောင်ဒဏ် ၁၀ နှစ်မှ ၂၀ ထိချမှတ်ပြီး မြစ်ကြီးနား ထောင်သို့ တိုက်ရိုက်ပို့ခဲ့သည်။
ကိုယ့်အချင်းချင်း သတ်ကွင်းထဲ ပစ်ထားခဲ့မှု
စစ်ခေါင်းဆောင်သည် ၎င်းလက်အောက်ရှိထိပ်တန်းအရာရှိများမှာ စစ်ရေးအခြေအနေမလှသည့် အနေ အထားတစ်ခုတွင် ကယ်ထုတ်ရန်အကူအညီတောင်းခံမှုများကို လျစ်လျူရှုပယ်ချခဲ့ကြောင်း သာဓက များစွာရှိသည်။
ခလရ ၄၇ ဗျူဟာမှူးနှင့်အဖွဲ့ ပိတ်မိနေချိန်တွင် လေကြောင်းအကူအညီပေးရန် ကယ်ထုတ်ပေးရန် အကူ အညီတောင်းခံမှုများရှိခဲ့သော်လည်း အသေခံခိုင်းခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ ကိုယ့်အချင်းချင်း သတ်ကွင်းထဲ ပစ်ထားခဲ့မှုနှင့် စစ်တပ်ပြန်မဆုတ်နိုင်မည် ဗုံးကြဲခဲ့မှုမှာ ဒုတိယအကြိမ်ဖြစ်သည်။
အမ်း(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပခ) ပိတ်ဆို့တိုက်ခိုက်ခံရစဉ်ကလည်း နပခဒုတိုင်းမှူးဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့အဖွဲ့ ကယ်ထုတ်ရန် ရဟတ်ယာဉ်အကူ ခေါ်ခဲ့သော် လည်း ဂျက်ဖိုက်တာဖြင့်သာ နပခတွင်းဗုံးကြဲခဲ့သည်။
အာဏာလုမည်စိုး၍ စစ်တပ်မှဖယ်ထုတ်ခြင်း
စစ်ခေါင်းဆောင်သည် ၎င်း၏ ရာထူးနေရာကို ခြိမ်းခြောက်လာနိုင်သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မိုးမြင့်ထွန်းနှင့် ရန်နောင်စိုး တို့ကိုလည်း ခြစားမှုပုဒ်မများတပ်ကာ အပြီးတိုင် ဖယ်ရှားခဲ့သည်။ အဆိုပါစစ်ဗိုလ်ချုပ်ကြီးများကို နေရာရပိုင်ခွင့်အတွက် ရာထူးတိုးပေးခြင်း၊ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်ခြင်း၊ အကျင့်ပျက်ခြစားမှုများရှိခြင်းစသည့် ပုဒ်မများဖြင့် ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများသိမ်းကာ ပြစ်ဒဏ်ကြီးများ ချမှတ်ခဲ့သည်။
ထိုသူတို့၏ အဓိကပြစ်မှုမှာတော့ အာဏာခွဲဝေမှု၊ ပဋိပက္ခဖြစ်ပေါ်လာခြင်းနှင့် တပ်တွင်းဆူပူမှုအပြင် စစ်ခေါင်း၏ ရာထူးနေရာ အခြေမခိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာသည့်အတွက် လာဘ်စားမှု၊ ခြစားမှုများဖြင့် ခေါင်းမဖော်ရဲသည့် ပုဒ်မတပ်ကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
အာဏာလက်မဲ့ စစ်အရာရှိအိုကြီးများနှင့် နေရာလုခြင်း
ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်တစ်ရပ်ကို အာဏာလွှဲမည်ဟု အသံကောင်းဟစ်နေသည့် စစ်ခေါင်း ဆောင်မ်အာင်လှိုင်က အာဏာအသည်းအသန်လိုအပ်နေသော ကြံ့ခိုင်ရေးပါတီဝင် စစ်အရာရှိအိုကြီး များနှင့်အပြိုင် ၎င်းရွေးချယ်လိုက်သည့် ထိပ်တန်းအရာရှိများကို ရွေးကောက်ပွဲဝင်စေခဲ့သည်။
အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရသစ်ဖွဲ့ရန်အတွက် ၎င်း၏ လက်ယုံတော် ဗိုလ်ချုပ်ကြီး များဖြစ်သည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တေဇကျော်စသည့် စစ်ဗိုလ်ချုပ်ကြီးများမှာ လွှတ်တော်အသီးသီးတွင် နေရာဝင်ယူရန်အတွက် အသင့်ရှိနေပြီ ခဲ့ပြီဖြစ်သည်။
၎င်းတို့နေရာယူခဲ့သည့်အတွက် ကြံ့ဖွံ့ပါတီမှ မူလရွေးချယ်ထားသည့် စစ်အရာရှိဟောင်း ကိုယ်စား လှယ်များ နေရာဖယ်ပေးခဲ့ရမှုအပေါ် ကြံ့ဖွံ့ပါတီအတွင်း မကျေနပ်မှုများဖြစ်ပွားခဲ့သော်လည်း ယခု အာဏာလက်ကိုင်ရရှိထားသော စစ်ခေါင်းဆောင်ကို မလွန်ဆန်နိုင်ခဲ့ပေ။
ထို့အပြင် လွှတ်တော်အတွင်းထားရှိမည့် အစိတ်သားခေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်ခေါင်းဆောင်က စိတ်ကြိုက်ရွေးချယ်ပြီး စာရင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်ပြန်လည်ပေးအပ်ကာ ရယူထားသည့် ဗိုလ်ချုပ် မှူးကြီး သတိုးအဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ (သမ္မတ)ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများကို လက်လွှတ်နိုင်လိမ့်မည်မဟုတ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် “နိုင်ငံတော်အတိုင်ပင်ခံကောင်စီ” ဆိုသည့် အဖွဲ့ကို ဥပဒေ တစ်ရပ်ထုတ်၍ ဖွဲ့စည်းကာ နိုင်ငံတော်သမ္မတနှင့် ဥပဒေ၏အထက်တွင် နေရာယူရန် ကြိုးပမ်းနေသည်။ ၎င်း၏ လုပ်ရပ်များမှာ ရှင်းလင်းပါသည်။ စစ်တပ်အတွင်း၌ပင် ၎င်း၏ အာဏာအတွက် အသုံးမဝင် တော့သူ သို့မဟုတ် အရှုံးပေးသူမှန်သမျှကို “စစ်တပ်မှ သင့်အား အလိုမရှိတော့ပါ” ဟု တိုက်ရိုက် ပြောဆိုကာ သတ်ကွင်းသို့ ပို့ဆောင်နေခြင်းပင် ဖြစ်တော့သည်။