ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပြန်စနိုင်ရေးအတွက် စစ်ကော်မရှင် အဖွဲ့ဝင်များနှင့် မြစ်ကြီးနားလူထုတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ပြုလုပ်ကာ စီမံကိန်းတည်ဆောက်ရေးက နှစ်နှင့် ချီကြာနိုင်သဖြင့်ကြိုတင်စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကော်မရှင်၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်စန်းက ပြောကြားသည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လျှပ်စစ်ဓာတ်အားရရှိရေးအရေးကြီးသောကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရာတွင် ငါးနှစ်မှ ၁၀ နှစ်ခန့်အထိကြာနိုင်၍ ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကချင်ပြည်နယ်ကအချက်အချာကျဖြစ်ပြီး ရေအားလျှပ်စစ်သာရရှိခဲ့မည်ဆိုလျှင် အိပ်မက်များကို အကောင်အထည်ဖော်သွားနိုင်မည်ဖြစ်ကာ အနာဂတ်အတွက် အပြောင်းအလဲဖြစ်သွားမည်ကို စိုးရိမ်မှုမရှိဘဲအပြောင်းအလဲကိုလက်ခံရန်လိုအပ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူက ဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ မဆုံးရှုံးစေရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းဖူလုံမှုရှိစေရေးအတွက်သုံးစွဲမှာဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်စန်းက ပြောကြားသည်။

 

မြစ်ဆုံဆည်တည်ဆောက်ရာတွင် အရေးပေါ်အခြေအနေကြိုတင်ကာကွယ်ရေး စီမံချက်များထည့်သွင်းပြီး မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်းပါဝင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က ပြောကြားသည်။

 

ထို့ပြင်မြစ်ဆုံစီမံကိန်းဆောင်ရွက်မှုကြောင့် ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးစိတ်များအပေါ် ထိရောက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် စစ်ကော်မရှင်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြစ်ကြီးနားရောက်ရှိပြီး မြစ်ဆုံစီမံကိန်းပြန်လည်စနိုင်ရန်၊ ငလျင်ဒဏ် ၈ မဂ္ဂနီကျူခံနိုင်ရန်အပါအဝင် လျှပ်စစ်မဂ္ဂဝါဝပ် ၅၆၀၀ ထုတ်လုပ်ပြီးပြန်လည်စတင်မည်ဖြစ်ကြောင်းပြောကြားထားသည်။

 

အဆိုပါစီမံကိန်းစတင်အကောင်အထည်ဖော်ရန်ပြင်ဆင်ကတည်းက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိသည့်လျှပ်စစ် ၉၀ ရာခိုင်နှုန်းခန့် တရုတ်နိုင်ငံထံပေးရမည် ဖြစ်ကြောင်းသိရသည်။

 

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် အရပ်သားတစ်ပိုင်းအစိုးရသမ္မတဦးသိန်းသိန်းက ပြည်သူဆန္ဒအရ မြစ်ဆုံစီမံကိန်းလုပ်များကိုရပ်ဆိုင်းခဲ့သည်။

 

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ယခင်အစိုးရများလက်ထက်တွင် ပြည်သူများကကန့်ကွက်ခဲ့ကြပြီး အာဏာသိမ်းစစ်တပ်လက်ထက်တွင် မတရားဖမ်းဆီးနှိပ်စက်မှုများကြောင့် လူထုကန့်ကွက်မှုများ နည်းပါးနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်