ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
ရုပ်ရှင်အသိုင်းအဝိုင်းနှင့် အနုပညာရှင်များကို ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြောဆိုမှုများ ပြုလုပ်ခဲ့သည့် စစ်တပ်လော်ဘီ ကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရသည်။
NP သတင်းဌာနမှ စစ်တပ်လော်ဘီကျော်မျိုးမင်း၏ ပုတ်ခတ်စော်ကားသော စကားများနှင့်ပြောဆိုစော်ကားမှုများကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးကြည်စိုးထွန်းက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင်ပြုလုပ်သည့် ရုပ်ရှင်အစည်းအရုံးအစည်းအဝေးတွင်ဆွေးနွေးခဲ့သည်ဟု သိရသည်။
”ဒီလို ရမ်းသန်းစော်ကားတာတော့ လက်မခံနိုင်ဘူးလေ။ အနုပညာအသိုင်းအဝိုင်းတင်မကပါဘူး လူတကာစေ့ကို စော်ကားနေတာ။ သူမထိရဲတာကျ လေသံတောင်မဟဘူးလေ” ဟု အနုပညာရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည့်တန်ဆာကဲ့သို့ ကိုယ်နှင့်ရင်းပြီးလုပ်ကိုင်စားသောက်နေရသူများဟု ကျော်မျိုးမင်းက အနုပညာရှင်များကို ခိုင်းနှိုင်းစော်ကားပြောဆိုသည့်အပြင် ခြိမ်းခြောက်ကြိမ်းမောင်းမှုများ ၊ သိက္ခာကျအောင်ပုတ်ခတ်ပြောဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မူလက NP သတင်းဌာန သတင်းတင်ဆက်သူကျော်မျိုးမင်းကို တရားစွဲဆိုရန် သို့မဟုတ် အမည်ပျက်စာရင်းသွင်းရန် ဆွေးနွေးခဲ့ကြရာ အမည်ပျက်စာရင်းသွင်းပြီး အနုပညာနှင့်ပတ်သက်သည့် မည်သည့်ပွဲမျိုးကိုမှတက်ရောက်ခြင်းမပြုရန် အမည်ပျက်သတ်မှတ်လိုက်ကြောင်း ဦးကြည်စိုးထွန်း၏ မီဒီယာတစ်ခုကို ဖြေကြားထားချက်အရ သိရသည်။
မီဒီယာများကို ရိုးရိုးသားသားဆိုပါက လေးစားလျက်ရှိပြီး ယခုကိစ္စမှာ တရားလွန်လာသည့်အတွက် အမည်ပျက်စာရင်းသွင်းရခြင်းဖြစ်သည်ဟု ဦးကြည်စိုးထွန်းက ပြောထားသည်။
ဓာတ်ပုံ-စစ်တပ်လော်ဘီ ကျော်မျိုးမင်း